စမတ်စနစ်တွေကို အသုံးပြုပါ၊ မသာယာပါနဲ့၊ အားမကိုးပါနဲ့

စမတ်စနစ်တွေကို အသုံးပြုပါ၊ မသာယာပါနဲ့၊ အားမကိုးပါနဲ့
Published 31 March 2015
အေသင်ဇော်ဇော်

နည်းပညာဆန်းသစ်ခြင်း အဆင့်မြင့်တိုးတက်မှုတွေမှာ Smart ဆိုတဲ့ စကားလုံးကို အသုံးပြုလာကြတယ်။ စမတ်ဖုန်း၊ စမတ်ကင်မရာ၊ စမတ်လက်ပတ်နာရီ၊ စမတ်မျက်မှန်၊ စမတ်တီဗွီ၊ စမတ်ရေခဲသေတ္တာအစရှိတဲ့ စမတ်စနစ်ဟာ ကမ္ဘာကြီးကို ပိုပြောင်းလဲလာစေခဲ့တယ်။ 
ဖန်တီးသူတွေဟာ အဲဒီထုတ်ကုန်တွေရှေ့မှာ ဘာလို့ ဒီစကားလုံးကို ထည့်လာကြတာလဲ။ သေချာတယ်။ ဒီထုတ်ကုန်တွေဟာ အရင်က ဖန်တီးခဲ့တာတွေထက် ပိုပြီးထူးခြားနေလို့။ ဒါဟာ လူမှုဘဝရဲ့ ပြောင်းလဲတိုးတက်မှု၊ နည်းပညာသမိုင်းရဲ့ ကွဲထွက်ဖန်တီးမှုပဲ။
 
Smart ဆိုတဲ့ ဝေါဟာရဟာ တော်တော်အဓိပ္ပာယ်ကောင်းတယ်။ ဉာဏ်ကောင်းတယ်။ စာတော်တယ်။ လူ့ရိပ်လူ့ကဲ နားလည်တယ်။ တစ်ပါးသူအမြင်မှာ အပိုးကျိုးကျိုးလေး နေတတ်တယ်။ အလုပ်ကောင်းကောင်း လုပ်တယ်။ အားကိုးလို့ရတယ်။ ဗဟုသုတရှိတယ်။ သတ္တိရှိတယ်။ မိုက်ရူးရဲမဆန်ဘူး။ မြတ်နိုးဖွယ်ဖြစ်တယ်။ 
 
ဒါပေမဲ့ ကျွန်တော်ယူဆထားတဲ့ အဓိကအကျဆုံး အဓိပ္ပာယ်ကတော့ အရာရာမှာ အတွေးအမြင်နဲ့ယှဉ်တဲ့ ဉာဏ်ရည်ပိုသာနေတယ်ဆိုတဲ့ အချက်ပဲ။ မှတ်ဉာဏ်တွေ အရမ်းကောင်းနေတာကို မဆိုလိုဘူး။ ခေါင်းတစ်လုံး ပိုသာတယ်ဆိုတဲ့ သဘောသဘာဝနဲ့ ပိုနီးစပ်တယ်။ ဒါဟာ စမတ်ကို ကျွန်တော့်စိတ်ကြိုက် ဖွင့်ဟကြည့်ခြင်းပဲ။
 
“စမတ်ဖုန်း” လို့ ဘာလို့ခေါ်တာလဲ။ သာမန် ပရိုဂရမ်အသေရေးထားတဲ့ ဖုန်းအမျိုးအစားမဟုတ်ဘဲ စက်လည်ပတ်မှုစနစ်ထောက်ပံ့မှုကနေ တခြားအသုံးပြုချင်တာလေးတွေကို ဖုန်းပေါ်တင်သုံးလို့ရအောင် လုပ်ထားပေးတဲ့အတွက် စမတ်ဖုန်းလို့ ခေါ်တယ်လို့ပဲ မှတ်လိုက်ပါ။ 
လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်လောက်က MP4 Player လေးတွေနဲ့ ကျွန်တော်တို့တွေ သီချင်းလေးနားထောင်၊ ဗီဒီယိုဖိုင်လေးကြည့် လုပ်ခဲ့တာမှတ်မိကြဦးမှာပါ။ တကယ်တော့ အဲဒါတွေက ပရိုဂရမ်အသေ ရေးထားတာလေးတွေ။ သီချင်းနားထောင်မယ်၊ ဗီဒီယိုဖိုင်ကြည့်မယ်။ ဂိမ်းဆော့ကြမယ်။
 
ဒါပေမဲ့ အခုအခါ စမတ်ဖုန်းတွေမှာ ကိုယ်သုံးချင်တာလေးတွေ လွယ်လွယ်တင်လု့ိ ရနေတာဟာ မိုဘိုင်းစက် လည်ပတ်မှုစနစ်ကြောင့်ပါ။ လိုအပ်တဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီတယ်ဆို ကြိုက်တာလာ တင်သုံးလို့ရတယ်။ကွန်ပျူတာစနစ်တစ်ခုလုံးကို မိုဘိုင်းဖုန်းပေါ် ကူးချဖို့ အသက်ဝင်စေခဲ့တဲ့ နည်းပညာပြောင်းလဲမှု ဖြစ်တယ်။ စမတ်ဖုန်းဆိုတာကို သိရင် တခြားစမတ်စနစ်တွေကိုလည်း မှန်းဆလို့ရပြီ။ တီဗွီတစ်လုံးကို ရုပ်သံကြည့်တာလောက်ပဲ မလိုချင်တော့ဘူး။ အွန်လိုင်းသုံးချင်တယ်။ လူမှုကွန်ရက်သုံးချင်တယ်။ 
အွန်လိုင်းပေါ်က ဖျော်ဖြေရေးဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ချင်တယ်။ ဒါဟာ စမတ်စနစ်ရယ်ပါပဲ။
 
စမတ်စနစ်တွေရဲ့ ပင်မရည်ရွယ်ချက်က ပိုပြီး စမတ်ဖြစ်တဲ့ လူနေမှုဘဝတွေဆီ ပို့ဆောင်ပေးဖို့ ဖြစ်တယ်။ ဟုတ်တယ်။ ဒီစနစ်တွေကြောင့် ကျွန်တော်တို့မှာ ငယ်ငယ်ကထက် အများကြီးအခွင့်အရေးတွေ ရှိလာတယ်။ ငယ်စဉ်ကာလ အင်္ဂလိပ်စာလေ့လာခဲ့တုန်းက အင်္ဂလိပ်အဘိဓာန် ကောင်းကောင်းတစ်အုပ်ဝယ်ဖို့ မနည်းပိုက်ဆံစုရတယ်။ အခုတော့ လိုချင်တဲ့ အဘိဓာန်တွေ၊ ဘာတွေ ညာတွေ စမတ်ဖုန်းထဲမှာ ကြည့်လိုက်ရုံပဲ။ ဒီတော့ အင်္ဂလိပ်စာလေ့လာရာမှာလည်း အရင်ကထက် ပိုကောင်းတဲ့ အခွင့်အလမ်း ရှိလာတာပေါ့။ တခြားလေ့လာစရာတွေ၊ သင်ယူစရာတွေမှာလည်း ဒီအတိုင်းပါပဲ။ သူက လူ့ဘဝတွေကို ပိုသက်သာစေတာ။
 
လူနေမှုဘဝတွေထဲမှာလည်း တိုးတက်မှုတွေ အများကြီး မြင်တွေ့ရပါတယ်။ စမတ်စနစ်ဟာ အင်တာနက်ဆက်သွယ်ရေးကို လူ တွေနဲ့ ပိုမိုနီးကပ်လာအောင် ထောက်ပံ့ပေးနေတယ်။ အရင်က နိုင်ငံရပ်ခြားကို ဆက်သွယ်ချင်တယ်ဆို ခက်ခဲတယ်။ ငွေကုန်ကြေးကျ များတယ်။ အခုတော့ Viber, WhatsApp စတဲ့ အင်တာနက် စာတိုပို့စနစ်၊ ပုံပို့စနစ်၊ အသံပို့စနစ်၊ ဗီဒီယိုပို့စနစ်တွေက ဒီပြဿနာတွေကို အင်တာနက်အကူအညီနဲ့တွဲလို့ ဖြေရှင်းပစ်လိုက်တယ်။ ဒီလို ဝန်ဆောင်မှုများစွာဟာ စမတ်လို့ ခေါင်းစဉ်တပ်ထားတဲ့ နည်းပညာထုတ်ကုန်တွေနဲ့အတူ စီးမျောနေကြပြီ။ ဒါဟာ လူမှုဘဝကို ထူးခြားစေတယ်။
 
ဒါပေမဲ့ ကျွန်တော် မကြာခဏ ပြန်စဉ်းစားမိတယ်။ ဒီ စမတ်စနစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ကိုယ်ရည်ကိုယ်သွေးတွေ ဘယ်လောက်တိုးတက်ခဲ့လဲလို့။ သင်ကြားရေး၊ သင်ယူရေးမှာ ပိုမိုအဆင်ပြေလာတဲ့အခြေအနေ၊ လူမှုဘဝမှာ သာသာယာယာ ပိုဖြစ်လာတဲ့အခြေအနေအပေါ် မှီခိုရင်း ကျွန်တော်တို့ တွေ ကိုယ့်အတွက် ဘာတွေအမြတ်ကျန်ဖို့ အသုံးချတတ်လာသလဲ။ ဒီစနစ်တွေရဲ့ တွန်းအားပေးမှုနဲ့ ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ဘယ်လိုအရည်အချင်းမျိုးတွေ ဖြည့်ဆည်းဖြစ်ခဲ့လဲ။ 
 
ကျွန်တော် ရဲရဲတင်းတင်းလေး စွပ်စွဲကြည့်ပါရစေ။ မျိုးဆက်သစ်အများစုဟာ အဲဒီစနစ်တွေ ခေါ်ဆောင်လာတဲ့ လူမှုဘဝထဲမှာ တလွဲအသုံးချပြီး သာယာနေကြတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းထက် အဲလို စနစ်တွေအပေါ် အားကိုးချင်စိတ် ပိုများနေကြတယ်။ 
အားထုတ်မှုတွေ လျော့နည်းလာတယ်။
 
မိုဘိုင်းအင်တာနက် အသုံးပြုသူတွေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ နိုင်ငံတကာစစ်တမ်းတစ်ခုမှာ စမတ်ဖုန်းတွေနဲ့ အင်တာနက်သုံးတဲ့သူ ရာခိုင်နှုန်း ၈ဝ လောက်ဟာ ရေရေရာရာ ဘာကိုမှ လေ့လာနေတာမဟုတ်ဘဲ အလေ့အကျင့်တစ်ခုအဖြစ် သုံးနေကြခြင်းသာလို့ အဖြေထွက်တယ်။ ကျွန်တော်တို့နိုင်ငံချည်း သက်သက်မှာဆို ပိုဆိုးနိုင်တယ်။ ဒါက တလွဲအသုံးချမှုအပိုင်း။ 
 
 နောက် ကိုယ့် ကိုယ်ကိုယ် အားကိုးမှု လျော့ကျလာတာနဲ့ အားထုတ်မှု လျော့နည်းတဲ့အပိုင်းလည်း ရှိနေတယ်။ ဒါဟာ စိတ်ခံစားမှုကြောင့်လား။ ငယ်ငယ်တုန်းက အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ဈေးကြီးပေးဝယ်တဲ့အခါမှာ တန်အောင်ဆိုပြီး စာအုပ်ထဲက ဝေါဟာရတွေကို ကျက်မှတ်တယ်။ အသုံးပြုပုံတွေကို မှတ်သားထားတယ်။ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါမှာလည်း အဲဒီအကြောင်းတွေ ဖလှယ်ကြတယ်။ ပြောချင်တာက ကျွန်တော်တို့ ပိုက်ဆံပေးထားရတဲ့အတွက် ဖတ်မှ ရမယ်ဆိုတာမျိုး။ ဘယ်စာအုပ်ဝယ်ဝယ် ဖတ်တယ်။ ဝါးမျိုသင့်ရင် ဝါးမျိုလိုက်တယ်။ 
 
အခုတော့ စာအုပ်တွေ အလကားလိုလိုရတယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်လေးတွေ ဘာမှ သိပ်ထိထိမိမိ မလေ့လာဖြစ်ကြတော့ဘူး။ စမတ်စနစ်တွေကို လက်ပေါ်မှာတင်ပြီး သူတို့အရည်အချင်းတွေကို ပြောင်းလဲပစ်ဖို့ မေ့လျော့ကုန်ကြတယ်။ 
ကိုယ်ပိုင်အရည်အချင်း တိုးတက်ဖို့ကိုလည်း လျစ်လျူရှုမိမှန်းမသိ ရှုမိရင်းနဲ့ အချိန်တွေ ကုန်သွားရတယ်။ စကားလုံးတစ်လုံး မသိတဲ့အခါ စမတ်ဖုန်းထဲမှာ ရှာကြတယ်။ ဒီလိုနဲ့ သူတို့ကိုယ်ပိုင် ဘာမှမဖြစ်တော့ဘူး။ စမတ်စနစ်တွေဟာ လူမှုဘဝကို ပိုလွယ်ကူစေဖို့သာ ဖြစ်တယ်။ အရည်အချင်းဖြည့်ပေးတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို မေ့နေကြလေရော့သလား။
 
ကျွန်တော်တို့ အစကို ပြန်သွားကြည့်မယ်။ စမတ်စနစ်တွေ ကမ္ဘာကြီးထဲ ရောက်လာတယ်။ လူမှုဘဝကိုလည်း ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့ဘေးမှာလည်း တစ်နိုင်တစ်ပိုင် စမတ်စနစ်တွေ ဝန်းရံလို့။ ဒါပေမဲ့ ကျွန်တော်တို့မှာ စမတ်ဖြစ်တဲ့ အားထုတ်မှုတွေ၊ လေ့လာဆည်းပူးမှုတွေ၊ တွေးခေါ်မြော်မြင်တတ်မှုတွေ မသိမသာ ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာလည်း စမ်းသပ်မခံအဆင့်ကို ရောက်မှန်းမသိ ရောက်လာခဲ့ကြတယ်။ ဒါဟာ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် သတိပြုသင့်တဲ့ အချက်ပါပဲ။ လူငယ်တွေအနေနဲ့ အရာရာကို စိန်ခေါ်ဖို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လိုတယ်။ အရည်အချင်း ကိုယ်ပိုင်ဖြစ်ဖို့လိုတယ်။ ဒီတော့ ကိုယ့်နားက စမတ်စနစ်တွေကို အသုံးပြုပါ။ မသာယာပါနဲ့။ အားမကိုးပါနဲ့လို့ပဲ ပြောပါရစေ။ 
 
ဒီတော့ ဘယ်ခေတ်မှာပဲ ရောက်နေပါစေ။ ကိုယ့်အရည်အချင်းကို ကိုယ်ပြန်အာမခံနိုင်ပြီး ဘဝကို ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ရဲတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ပဲ အားထုတ်စေချင်ပါရဲ့ဗျာ။