ပိတောက်နှင့်အတူ

ပိတောက်နှင့်အတူ
Published 30 March 2015
ဘစံကောက်

လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
 
ဘာလိုလိုနဲ့ တန်ခူးလရောက် ပြန်လေဦးတော့မယ်။ တန်ခူးလို့ ဆိုလိုက်တာနဲ့ ကိုယ့်စိတ်ထဲ ပိတောက်တွေကိုပဲ ပြေးမြင်မိတယ်။
 
ဂျပန်လူမျိုးတွေက သူတို့ အမျိုးသားပန်းအဖြစ် ချယ်ရီကို တင်စားကြတယ်။ ချယ်ရီပန်းပွင့်တဲ့ရာသီဆို ချယ်ရီပန်းပွဲတော်တွေ ဘာတွေ ကျကျနနကျင်းပပြီး ဂုဏ်ပြုကြလေရဲ့။ ချယ်ရီက လှပါတယ်။ အဆုပ်လိုက် အခိုင်လိုက် ကိုင်းတံကြီးတွေမှာ အရောင်စုံပွင့်နေတဲ့ ချယ်ရီပင်ကြီးတွေကိုမြင်ရတာ ရင်ထဲမှာအတော်ပဲ နှစ်သက်ကြည်နူးစရာကောင်းတယ်လို့ ထင်မိပါရဲ့။ ဒါပေမဲ့ မှန်တာပြောရရင် ကိုယ့်မြေမှာပွင့်တဲ့ ပိတောက်လောက်တော့ တယ်ပြီး မခင်မိဘူး။
 
ပိတောက်က မြန်မာတွေရဲ့အမျိုးသားပန်းတော့ဖြင့် မဟုတ်ရှာပေဘူး။ သို့ပေမဲ့ ဂုဏ်ကတော့ မသေးတဲ့အပြင် မြန်မာတွေရဲ့အချစ်ကို သိမ်းကျုံးပြီးရတယ်လို့တောင် ဆိုနိုင်ပါတယ်။ ပိတောက်ပင်တွေက အပူပိုင်း မိုးသစ်တောတွေမှာပဲ ရှင်သန်ကြတယ်။ အရမ်းအေးတဲ့ ရာသီဥတုကို ကြိုက်ပုံမရဘူး။ ပြီး သူက သစ်မာအမျိုးအစားထဲမှာ ပါတယ်။ ပိတောက်ဘယ်နှမျိုး ရှိတယ်ရယ်တော့ အတိအကျမသိဘူး။ ဒါပေမဲ့ နှစ်မျိုးတော့ဖြင့် မြင်ဖူးတယ်။ တောပိတောက်နဲ့ မြို့ပိတောက်လို့ပဲ ခေါ်သလားမဆိုနိုင်ဘူး။ တောပိတောက်တွေက အရွက်လည်းငယ်တယ်၊ အပွင့်လည်းသေးတယ်။ မြို့ပိတောက်လောက်လည်း မမွှေးဘူး။ မြို့ပိတောက်က ပွင့်ဖတ်တွေလည်း ကြီးတယ်။ မွှေးလည်း မွှေးတယ်။ ပြီး သူ့မွှေးပုံက သင်းသင်းလေးရယ်။ ရင်ထဲမှာ စိမ့်နေအောင်ကိုမွှေးတယ်လို့ ပြောရမလားဘဲ။
 
တပေါင်းလထဲရောက်တော့ မြန်မာပြည်မှာ အပူရှိန်က ပြင်းလာပြီ။ အောက်ရေကလည်း ဆုတ်လာတော့ ရှိသမျှသစ်တောတွေ၊ သစ်ပင်တွေအကုန်လုံး အရိုးပြိုင်းပြိုင်းနဲ့ သူတို့ ကိုယ်ပေါ်မှာရှိသမျှ ရွက်ဝါတွေကို ခါချကြတယ်။ ပိတောက်လည်း ကြွေတာပဲ။ 
သူကြွေပုံက အသဲအမဲပဲ။ တစ်ပင်လုံးရှိသမျှ အရွက်တွေကို အသုတ်လိုက် အသုတ်လိုက်ကို ခြွေချပစ်တာ။ စိမ်းစိမ်းမည်းမည်း အရွက်တွေ အကုန်လုံး ဝါရော်ခြောက်သွေ့ပြီး နွေနေနဲ့ နွေလေထဲမှာ တဖွဲဖွဲနဲ့  ကြွေလိုက်ကြတာ ပင်ခြေမှာ ရွက်ကြွေတွေနဲ့ ခဲနေတာပဲ။ 
တပေါင်းလလယ်လောက်ဆို အပင်မှာ အရွက်တွေလည်းကုန်ပြီ မတ်တတ်ကြီးခြောက်နေတဲ့ ပိတောက်ပင်ကြီးကိုကြည့်ပြီး သေများသွားပြီလားလို့ ရင်ထဲမှာ တွေးရင်း လန့်ထိတ် စိုးရိမ်မိတယ်။
 
သိပ်မကြာဘူး အောက်ရေမြစ်နဲ့ တချို့သစ်ပင်တွေ ရွက်နုထိုးလာတော့ သူ့ ကိုင်းတံတွေမှာလည်း ရွက်နုလေးတွေမြင်လာရတယ်။ ဒီလိုနဲ့ နွေနေကို အန်တုရင်း သူ့ကိုယ်ပေါ်မှာ စိမ်းမြမြဝတ်ရုံလွှာ ကမ္ဗလာကြီး ခြုံလိုက်တာ ပြန်ပြီးနုပျိုလန်းဆန်းလာတဲ့ သူ့အသွင်က မီးပုံထဲကနေ တစ်ဖန်ပြန်နိုးထလာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ ဘဝဆိုတဲ့ လောကဓံလှိုင်းထဲမှာ သူလည်း လူသားတွေလိုပဲ မျောပါနေရရှာတယ်ထင်ပါရဲ့။ သဘာဝရဲ့ ရိုက်ပုတ်ထုထောင်းမှုကို အကြိမ်များစွာ ခံခဲ့ရလည်း ပြန်ပြီး ခေါင်းထောင်လာနိုင်တာကိုကပဲ သူဟာ တော်ရုံနဲ့လဲပြိုသွားတတ်တဲ့သဘော မရှိဘူး။ သူ့မှာရှိပြီးသား ပင်ကိုအစွမ်းသတ္တိတွေကြောင့်ပဲ လောကကို တစ်ဖန်ပြန်ပြီး အလှဆင်ဖို့ အသင့်ရှိနေတဲ့ မိန်းမသားတစ်ယောက်နဲ့ တကယ်ပဲ တူလွန်းပါတယ်။
 
အတော်အနေကြာတော့ သူ့ အရွက် အရိုးက ကိုင်းဖျားလေးတွေမှာ အဖူးလေးတွေပါလာတာလည်း တွေ့ရတယ်။ အင်းပုံကြည့်ရတာဖြင့် သူ့အလှကို အစွမ်းကုန်လှစ်ပြပြီး လောကတစ်ခုလုံးက သူ့ကိုငေးကြည့်ရအောင်ကို ဖမ်းစားတော့မယ့်ပုံပါပဲ။
 
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘူး
နန္ဒမူ ဖလ်ကူထိပ်မှာလ
ပစ္စေကာချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
 
ဆိုလိုက်တဲ့စာ ပစ္စေကဗုဒ္ဓါဆိုတာ ဘုရားငယ်ပါပဲ။ လောဘ ဒေါသ မောဟ ဘယ်လိုကိလေသာတရားမှ မရှိတော့တဲ့ သူတော်စင်ရဟန်းတွေတောင်မှ သူ့အေးရိပ်မှာ ချွေးသိပ် အပန်းဖြေရလောက်အောင်ကို သူ့အလှက ပူပူဆာဆာမရှိဘဲ အေးမြစေတယ်လို့ ဆိုပါတယ်။ သာမန်လူသားဆိုတာကတော့ သူ့အလှနဲ့ ဖွဲ့နှောင်ရစ်ပတ်လိုက်ရင် သူ့ခြေရင်းမှာပဲ ဝပ်ဆင်းရတော့မယ် ထင်ပါရဲ့။ ဟုတ်မှာပါပဲ။ သူက ပန်းတကာနဲ့ ယှဉ်လိုက်ရင် စံမတူအောင်လှသူပဲ မဟုတ်ပါလား။
 
တစ်နှစ်တွင် သည်တစ်လပေပ
တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ရက်ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း။
 
စံတူနှိုင်းယှဉ်လို့မရတဲ့ အမြတ်ပန်းပေမို့လားတော့ မသိဘူး။ သူများပန်းတွေလို ရာသီမရွေး၊ ရက်မရွေး၊ လမရွေး သူ့တန်ဖိုးမှေးမှိန်အောင် အကြိမ်ကြိမ်လည်း ပွင့်လေ့မရှိဘူး။ တစ်နှစ်မှာ တစ်လပဲ။ တစ်လမှာလည်း တစ်ရက်ပဲ တစ်ကြိမ်ပဲ အင်မတန်သစ္စာကြီးတဲ့ပန်း အင်မတန်ဣန္ဒြေကြီးတဲ့ပန်း လွမ်းလို့များရယ်လို့ ပွင့်စမ်းပါ ဘယ်လိုဆိုလဲ လတန်ခူးကို မရောက်မချင်းတော့ဖြင့် သူ့သစ္စာတရားကို ဘယ်လိုမှဖြားယောင်းလို့ မရနိုင်ပေဘူး။
 
လောကမှာ ဗုဒ္ဓပွင့်တော်မူတော့မယ်လို့ဆိုတဲ့အခါ နှစ်ပေါင်းများစွာ ကောလာဟလဖြစ်လေ့ရှိတယ်။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ဟာ အဲဒီကောလာဟလကြောင့်ပဲ ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်လာမယ့် ရက်ကို မျှော်လင့်စောင့်စားရရှာတယ်။ ဒီအခါ ဘုရားအလောင်းဟာ ပွင့်တော်မူမယ့် အရပ်မိခင်သက်တမ်း စသည်အားဖြင့် ကြည့်ခြင်းကြီးစွာနဲ့ ကြည့်တော်မူပြီးမှ အခါရောက်တဲ့အခါ အင်မတန်အမျိုးမြတ်တဲ့ မိခင်လောင်းရဲ့ဝမ်းမှာဝင်စားပြီး ဖွားမြင်တော်မူပါတယ်။ ဒါကိုပဲ စာဆိုက တင်စားညွှန်းဆိုလေရော့သလား မဆိုနိုင်ဘူး။
 
ပိတောက်တွေ ပွင့်မယ်ဆိုတဲ့ရက်ကို လူတွေက လက်ချိုးရေတွက်ပြီး စောင့်စားလိုက်ရတာ တန်ခူးလထဲကိုရောက်တော့ ဖူးတံလေးတွေ မြင်လာရပြီ။ ဘယ်ရက်ကယ်လို့မှန်းပေမယ့် အသေအချာတော့ဖြင့် ဘယ်သူမှမပြောနိုင်ကြဘူး။ သင်္ကြန်ရက်နဲ့ တိုက်ဆိုင်ပြီး ပွင့်လေ့ရှိတာ မှန်ပေမယ့် တစ်ခါတလေတော့လည်း သင်္ကြန်မိုးက စောပြီးရွာတဲ့အခါ မိုး နဲ့အတူရောပြီး ပွင့်တာလည်းရှိရဲ့ သူလည်း သင်္ကြန်မိုးကိုမျှော်ပြီး ပွင့်ရရှာတာဆိုတော့ သူ့အပွင့်တွေကို မိုးရေနဲ့စိုပြီးမှ ပွင့်ချင်ပုံရတယ်။
 
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံငုံတံညှောက်ကယ်က
သိရ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်
ဆန်းသလောက်မလင်းနိုင်ဘူး
လမ်းတစ်လျှောက်သင်းပါဘိ
ပန်းပိတောက်မင်း။
 
ဟော ပွင့်ပါပြီ။ သင်္ကြန်လက်ဆေးမိုးလေး ခပ်ဖြိုင်ဖြိုင် ရွာလိုက်တယ်ဆိုပဲ သူ့ဖူးငုံလေးတွေဟာ ငုံအာပြီးပွင့်လာရတော့တယ်။ ပွင့်ဖတ်ဝါဝါလေးတွေက ရွှေသားရွှေရည်ထဲမှာနှစ်ပြီး စိမ်ထားသလို ထိန်နေအောင်ဝါတယ်။ သူ့ရနံ့လေးက မြူခြည်သန်းပြီး ဝှေ့ယမ်းနေတဲ့လေပြည်ထဲမှာ သင်းကြူနေအောင် ဝန်းကျင်တစ်ခုလုံးကို ပျံ့မွှေးစေပါတယ်။ သိရ်သရေနဲ့ ဣန္ဒြေကလည်းကြီးပါရဲ့။ သူ့ တစ်ပင်လုံး ခဲခဲရွရွဖွဖွကြဲအောင်ကို ပွင့်နေလိုက်တာ ပန်းမှန်သမျှက မမ မမလို့ခေါ်ရတော့မယ့် အတိုင်းပါပဲ။
 
မနက်ခင်းကနေ ပွင့်လိုက်သမျှတွေဟာ နေအရင့်မှာတော့ တဖြည်း ဖြည်းကြွေလွင့်နေလိုက်ကြတာ ဒီအထဲ ပိတောက်ဆိုရင် အသေအလဲ ချစ်တတ်သူတွေက လက်လှမ်းမီသမျှ ခူးခြွေပြီး ပန်ကြတာလည်းရှိရဲ့၊ မမီမကမ်းမို့ ခြွေရင်းခူးရင်းကြွေတာတွေလည်းရှိပေါ့။  
ဒီလိုနဲ့ပဲ ကြွေကျသမျှ ပွင့်ဖတ်တွေကလည်း မြေမှာကြဲဖြန့်လို့ ရွှေပဝါလွှမ်းထားသလို ပင်ခြေပင် အောက်လမ်းတစ်လျှောက်လုံး သူ့ပွင့်ဖတ်တွေနဲ့ လွှမ်းပြီး ပြည့်နေတော့မှပဲ တစ်လောကလုံးက ကျေနပ်ကြတော့တယ်။
 
ပန်းဆိုတာ သူ့အပင်မှာ သူ့အရွက်သူ့အခက်နဲ့ မြဲနေမှလှတယ်လို့ ပန်းချစ်သူတွေဟာ တင်စားကြတယ်။ ပိတောက်ကတော့ ဒီလိုမဟုတ်ဘူး။ အပင်မှာလည်း လှတယ်။ ခေါင်းမှာပန်လည်း လှတယ်။ ဟော မြေကြီးပေါ်ကြွေကျတော့လည်း လှတာပဲ။ ဒါကပဲ သူ့ကိုမျှော်ရကျိုးနပ်တယ်လို့ ပြောစမှတ်ပြုကြပေတာပေါ့။ အင်း ဘာလိုလိုနဲ့ သင်္ကြန်လည်း ရောက်တော့မယ်။ ပိတောက်တွေလည်း ပွင့်ပြန်လေဦးတော့မယ်။ ကိုယ်တို့လည်း တစ်နှစ်ကြီး ပြန်ရဦးတော့မယ်ပေါ့ . . .လေ။

Most Read

Most Recent