လူမွဲတွေက မနှေးခေတ်မီ

လူမွဲတွေက မနှေးခေတ်မီ
Published 28 March 2015
စည်သူငြိမ်း

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပြည်သူလူထု ဘဝင်အတွေ့ဆုံး စကားလုံးမှာ ဆင်းရဲမွဲတေမှုပပျောက်ရေးဟူသည့် သမ္မတကြီး၏ မိန့်ခွန်းပါ စကားလုံးပင် ဖြစ်သည်။ မြန်မာပြည်သူတို့သည် “လူမွဲတွေက မနှေးခေတ်မီ သူဋ္ဌေးဖြစ်တော့မည်” ဟူသည့် ရှေးခေတ်ဟောင်း နဂါးနီသီချင်းကိုပင် ကြားယောင်လာကြမည် ထင်သည်။ သမ္မတကြီး၏ လှိုင်းမဟာဗျူဟာများ ပေါ်ထွက်လာပြီးသည့်နောက်တွင် သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ပထမလှိုင်းတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အမျိုးသားအဆင့်အထိ ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟုပင် ရေးသားခဲ့သည်။  နေရာတကာ သူ့ချည်းသာဟူသော စီးပွားရေးအခွင့်အလမ်းသည် အများစုသို့ မျှဝေရောက်ရှိလာစေခဲ့သည်ဟုပင် ပထမလှိုင်း၏ အောင်မြင်စွမ်းဆောင်နိုင်မှုများကို ဖော်ပြရေးသားခဲ့သည်။ သမ္မတကြီးကလည်း မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းရှိနေပြီး ၂ဝ၁၅ ခုနှစ် မတိုင်မီတွင် ၁၆ ရာခိုင်နှုန်းလျှော့ချရန် ရည်မှန်းထားပြီး အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ ရုန်းထွက်ရန် လုပ်ဆောင်မည်ဟု ကတိပေးခဲ့သည်။အစိုးရ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပတ်သက်သော သိသာသည့် လုပ်ဆောင်ချက်တစ်ရပ်မှာ ငွေချေးခြင်းပင်ဖြစ်သည်။ အထူးသဖြင့် လူအများ စိတ်ဝင်တစားရှိလှသည့် ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြောင်းလဲတာဝန်ထမ်းဆောင်သော သမဝါယမဝန်ကြီးဌနာ၏ တရုတ်နိုင်ငံမှ ဒေါ်လာသန်း ၃ဝဝ ချေးယူခြင်းပင် ဖြစ်သည်။ သမဝါယမဝန်ကြီးဌာနသည် တောင်သူလယ်သမားများနှင့် ပြည်သူလူထုဘဝ တိုးတက်မြင့်မားရေးအတွက် တရုတ်နိုင်ငံဘဏ်တစ်ခု မှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းဖြင့် ချေးယူရန် လွှတ်တော်တွင် တင်ပြရာတွင် အတိုးနှုန်းများပြားလှကြောင်း လွှတ်တော်အမတ်အချို့က ဆွေးနွေးခဲ့ကြသည်။ ယင်းချေးငွေအတွက် အချေအတင်ပြောဆိုခဲ့ရရာ လွှတ်တော်ဥက္ကဋ္ဌကြီးကပင် သတိပေးခဲ့ရသည်။ သို့သော် အာဏာရပါတီအများစုရှိနေသော လွှတ်တော်က အတည်ပြုပေးခဲ့သည်။ ထိုချေးငွေမှာ အငြင်းပွားစရာနှင့် သံသယများ ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေသည်ကိုလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။သို့သော် မြေမဲ့ယာမဲ့ပြဿနာများနှင့် ပတ်သက်သည့် အစိုးရ၏ အခြားဖြေရှင်းမှုများအပေါ် အထွေထွေမကျေနပ်မှုများ ရှိနေကြသည်။ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြကြသူများအပေါ် အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြေမဲ့ယာမဲ့ သက်ကြီးရွယ်အိုများအား တရားစွဲထောင်ချခံနေရမှုများအပေါ် အများက ကရုဏာသက် ဝေဖန်နေကြသည်။ သမ္မတကြီး၏ ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်မှန်းချက်များအပေါ် သံသယရှိလာကြသည်။  မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အိမ်ငှားခများမှာ ယခင်ဘဏ္ဍာရေးနှစ် နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း စာရင်းများက ဖော်ပြနေကြသည်။ ထိုသို့ အထွေထွေအကျပ်အတည်းများ ရှိနေသည့်တိုင် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီအစောပိုင်းက လွန်ခဲ့သော ၁ဝ နှစ်ကျော်ခန့်ကပင် တည်ရှိခဲ့သော လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု၊ သမီးကလေးကျေးရွာအား တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ နံနက်အစောပိုင်းတွင် အင်အားသုံး ဖယ်ရှားခဲ့ရာ သမ္မတကြီးကတိများက အုပ်ချုပ်ရေးအခွင့်ရှိသူ အစိုးရအဖွဲ့ဝင်များ၏ လက်တွေ့ဆောင်ရွက်ပုံများနှင့် ခြားနားနေသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်လိုက်သော ဝန်ကြီးများအပေါ် သမ္မတကြီး၏ ဩဇာညောင်း၊ မညောင်းမှာ အငြင်းပွားဖွယ်ရာပင် ဖြစ်လာသည်။ သမ္မတရုံးတာဝန်ရှိသူက ပထမလှိုင်းတွင် နေရာတကာ သူ့ချည်းသာဟူသော စီးပွားရေးအခွင့်အလမ်းသည် အများစုသို့ မျှဝေရောက်ရှိလာစေခဲ့သည်ဟု ဆိုနေသော်လည်း ထိပ်သီးကုမ္ပဏီကြီးအချို့မှာ ထိပ်ပိုင်းအခွန်ဆောင်စာရင်းတွင် မပါသေးကြောင်း သတင်းများက ဖော်ပြနေကြသည်။သမ္မတရုံးတာဝန်ရှိသူက ပထမလှိုင်းအောင်မြင်မှု ဋီကာချဲ့နေချိန်မှာပင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအခြေအနေ လေ့လာဆန်းစစ်မှုဆိုင်ရာစာတမ်းက မြန်မာနိုင်ငံ၏ ဂျီပီဒီအား လူဦးရေ ၅၁ ဒသမ ၄ သန်းဖြင့်တွက်ပါက ဒေါ်လာ ၁၁ဝ၅ ရှိနေပြီး ဆင်းရဲနွမ်းပါးမှု ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိသောကြောင့် ဒေသအတွင်း ဆင်းရဲမှုအမြင့်ဆုံး နိုင်ငံများတွင် ပါဝင်နေကြောင်း ဖော်ပြလိုက်ရာ ၂ဝ၁၅ ခုနှစ် မတိုင်မီတွင် ဆင်းရဲမှု ၁၆ ရာခိုင်နှုန်းလျှော့ချရန် ရည်မှန်းထားပြီး အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ ရုန်းထွက်ရန် လုပ်ဆောင်မည်ဟူသော သမ္မတကြီး၏ ကတိအတွက် အတော်ပင် ကသိကအောက်ဖြစ်သွားမည် ထင်သည်။ ထိုအစီရင်ခံစာက မြန်မာနိုင်ငံကို ဆင်းရဲနွမ်းပါးမှုသို့ တွန်းပို့နေသောအကြောင်းရင်းများမှာ လုပ်သားများ ထုတ်လုပ်မှုနိမ့်ကျခြင်း၊ ကျေးလက်တွင် လယ်ယာကဏ္ဍ ထုတ်လုပ်မှုနိမ့်ကျခြင်း၊ လူမျိုးရေးပြဿနာများနှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာ အားနည်းချက်အချို့တို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုအထဲတွင် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်သည် အဓိကဟု ယူဆနိုင်သည်။ ယင်းကြောင့်သာ အခြားအကြောင်းများ ပေါ်ထွက်လာသည်ဟု ယူဆရမည်ဖြစ်သည်။ဝန်ကြီးဌာနများ အလွန်အမင်း များပြားနေခြင်း ကျပ်ငွေဘီလျံနှင့်ချီ၍ အရှုံးပေါ်နေသော စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နေခြင်း ဖွင့်ပွဲပိတ်ပွဲ အစရှိသည့်ပွဲပေါင်းများစွာ နိုင်ငံအနှံ့ ကျင်းပလေ့ရှိသည်မှာ ဓလေ့လိုဖြစ်နေခြင်းတို့က အစိုးရ၏ အသုံးစရိတ်ကို တိုးတက်လာစေနေသည့်အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ကျစေရေးအတွက် မည်သို့မျှ အထောက်အကူမပြုနိုင်သည့်အပြင် ပိုမိုဆိုးစေမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း မြန်မာနိုင်ငံစီးပွားရေးမှာ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်အတွက် ဦးစားပေးလုပ်ကိုင်နေသည်ဆိုသော်လည်း အခြေအနေအရပ်ရပ်က အကျဘက်သို့ညွှန်းနေသည်မှာ အာဏာရပါတီအဖို့ လာမည့်ရွေးကောက်ပွဲအတွက် ရလဒ်ဆိုးများ ထွက်ပေါ်စေနိုင်သည်။ ထိုအတောအတွင်း ဆင်းရဲနွမ်းပါးသူ မြေမဲ့ယာမဲ့သက်ကြီး ရွယ်အိုများကို တရားစွဲထောင်ချနေသည်မှာ လူထု၏ မယုံကြည်မှုကို ပိုမိုတိုးပွားလာစေသည်။ ထို အဘိုးအိုအဘွားအိုများအား ကျူးကျော်နေထိုင်သူများဖြစ်သည်ဟုဆိုကာ စည်ပင်တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထောင်ဒဏ်အပြစ်ပေးခံရသည့် အဘွားဒေါ်တင်လှိုင်က “သမ္မတကြီးပြောပြနေတဲ့ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာဆင်းရဲသားပပျောက်လို့လဲ” ဟု မေးခွန်းထုတ်လိုက်သည်ဟု ဆိုသည်။ ထိုအဘိုးအို အဘွားအိုများသည် ဥပဒေအရ ငြိစွန်းသူများဖြစ်နေသည့်တိုင် တရားစွဲဆိုထောင်ချခြင်းသည် အဖြေတစ်ခုဟု မယူဆနိုင်ပါ။ နေစရာမရှိသူများအဖို့ အကျဉ်းထောင်ပင် တစ်သက်လုံး နေအိမ်ဖြစ်သွားတော့မည်လားဟု မေးရတော့မလို ဖြစ်နေသည်။ ထိုအခါ အစိုးရတစ်ရပ်၏ တာဝန်ယူမှုအပေါ် ပြည်သူက ယုံကြည်မှုပျက်ပြားလာနိုင်သည်။ လောလောဆယ်တွင် ထိုသတင်းအား ဖတ်ရှုနေသူတစ်ဦးက ခေတ်ဟောင်း နဂါးနီသီချင်းကိုပင် “လူမွဲတွေက မနှေးခေတ်မီ ......ဖြစ်တော့မည်”ဟုပင် ဆိုနေသည်ကို ကြားလိုက်ရလေသည်။

Most Read

Most Recent