မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုဟု NLD ထုတ်ပြန်

မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုဟု NLD ထုတ်ပြန်
Published 28 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ပြည်သူလူထုများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သော ပြည်သူ့တပ်မတော်အစဉ်အလာကို ဆက်ခံလျက် မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် မတ် ၂၇ ရက်တွင်  ကျရောက်သည့် နှစ် ၇ဝ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်ရေး ငြိမ်းချမ်းချောမွေ့သောနည်းလမ်းကို အသုံးပြုရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် ညီညွတ်ရေးငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအပေါ် အစဉ်အမြဲအလေးအနက်ထား၍ ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ် ၇ဝ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မတ် ၂၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပခဲ့ရာ အဖွဲ့ချုပ် နာယက ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တွင် ပြောကြားခဲ့သည့် “ကျွန်မတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်နေချိန်မှာ အတိတ်က အဖြစ်ဆိုးတွေကို တစ်ခါပြန်လှန်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင်လို့ မလုပ်သင့်၊ မလုပ်ရ ဘူး”ဟူသည့် မိန့်မှာချက်ကို သတိမူ၍ တည်ငြိမ်အေးချမ်းစေမည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ရေးဆောင်ရွက်ရန် အလေးအနက်ထား တိုက်တွန်းကြောင်း အခမ်းအနားတွင် ဦးတင်ဦးက ပြောကြားသည်။
 
ဖက်ဆစ်တော်လှန်ရေးကို  ရှေ့တန်းမှ ဦးစီးပဲ့ကိုင်ခဲ့သူ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားလက္ခဏာနှင့် နိုင်ငံရေးလက္ခဏာ ဂုဏ် အင်္ဂါနှစ်ဖြာ ပြည့်ဝသော ပြည်သူ့တပ်မ တော်အဖြစ် ပြုစုပျိုးထောင်ပေးခဲ့ကြောင်း၊      “စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းပန်းဖို့မဟုတ် လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး” “ဒီနိုင်ငံမှာဖြစ်ဖြစ် ဒီ့အပြင် နိုင်ငံမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူရှိကြတာ မဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ် သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်မှတ်သားသား လေးလေးနက်နက် မှာကြားခဲ့သည်ကို သတိပြုကြရပေ မည်ဟုNLD ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိရန်အတွက် ပြည်သူလူထုနှင့် တပ်မ တော်သားများ လက်တွဲပြီး ကြိုးပမ်းခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ ရရှိ ရေးအတွက်လည်း ပြည်သူလူထုနှင့် တပ်မ တော် လက်တွဲပြီးလုပ်ရန်လိုကြောင်း၊ မြန် မာနိုင်ငံနှင့်မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေချင်ကြောင်း ထို့ကြောင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထု၏ အကျိုးကို မျှော်ကိုးပြီး ကြိုးပမ်းသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူနှင့်တပ်မတော် တစ်သားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှု၊ တိုးတက်မှုလည်း ရှိနိုင်မည်ဖြစ်ကြောင်း ၊ တပ်မတော်သားများသည် ပြည်သူလူထုထဲက ပေါက်ဖွားလာသူများ ဖြစ်ကြောင်းနှင့် တပ်မတော်နှင့် နိုင်ငံရေးသမားများကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်ခြင်းသည် မလိုလားအပ်သည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားချက်များ အရ သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားများရှိမှသာလျှင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်နိုင်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုအများကြီး ရှိဖို့လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုကကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီပြီးတော့ စစ်အစိုးရလက်အောက်မှာ နေခဲ့ကြရတယ်။ ဒါကြောင့်မို့လို့ တချို့တွေဆိုရင် တပ်မတော် နဲ့ပတ်သက်လို့ အမြင်မရှင်းကြဘူး။ တပ်မတော်သားတွေဆိုရင် နိုင်ထက်စီးနင်း လုပ်တယ်လို့ မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုမယူဆပါဘူး။ တပ်မတော်ရဲ့ လုပ်ဆောင် ချက်တချို့ကို ကျွန်မ မကြိုက်တာရှိပါတယ်။ ဒါပေမဲ့ တပ်မတော်အနေနဲ့ အမြဲပဲ ကျွန်မမေတ္တာထားခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကျွန်မဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်မို့လို့ သန္ဓေကောင်းတယ်လို့ပဲ ကျွန်မယူဆပါတယ်။ သန္ဓေကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မဆို ပြင်ယူလို့ရ ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည် သားတွေအပေါ်မှာ ယုံကြည်မှုရှိသလို ကျွန်မ တို့ရဲ့ တပ်မတော်အပေါ်မှာလည်း ယုံကြည် မှုရှိတယ်။ တစ်နေ့တစ်ချိန်မှာ ပြည်သူလူ ထုနဲ့ တပ်မတော်ဟာ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ နှလုံးသားတစ်ခုတည်းနဲ့ တက်ညီလက်ညီ ရင်ကြားစေ့ရေးမှာ ရှေ့တန်းကနေပြီးတော့ ပါဝင်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲဒီလို ယုံကြည်ချက်အရပဲ ကျွန်မလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 
 
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၏ တည်ကြည်လေးနက်သော ပြောကြားချက်မှာ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ခိုင်မာသော ကတိကဝတ် ဖြစ်ပေသည်ဟုလည်း အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နှစ် ၇ဝ မြောက် ဖက်ဆစ်တော်လှန်ရေး နှစ် ပတ်လည်နေ့ ကြေညာချက်တွင် ဖော်ပြထား သည်။
 

Most Read

Most Recent