တော်လှန်ရေးတပ်ဦးနှင့် ဖက်ဆစ်တော်လှန်ရေး

တော်လှန်ရေးတပ်ဦးနှင့် ဖက်ဆစ်တော်လှန်ရေး
Published 27 March 2015
ဒေါက်တာရန်မျိုးသိမ်း

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဖက်ဆစ်တော်လှန်ရေးသည် သော့ချက်ကျသော၊ အားကောင်းသော၊ လုံးဝလွတ်လပ်ရေးကို ဦးတည်သော လူထုလှုပ်ရှားမှုကြီးပင် ဖြစ်သည်။ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန် မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့က တော်လှန်ရေးကို ဇာတ်စီးဦးဆောင်ခဲ့သော်လည်း တော်လှန်ရေး၏ အလှည့်အပြောင်း စစ်စစ်သည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ဆက်စပ်နေသည်။ တော်လှန်ရေးတပ်ဦးသည် ဖက်ဆစ်တော်လှန်ရေးမတိုင်မီ လက်ဝဲညီညွတ်ရေးကို တည်ဆောက်ခဲ့သည့် စံနမူနာပြ ခြေလှမ်းတစ်ခုဖြစ်သည်။၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပဲခူးမြို့ ဗမာ့ကာကွယ်ရေးတပ်မတော် စံပြတပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ကျော်ဇောအိမ်တွင် ပြုလုပ်ခဲ့သည့် သခင်စိုး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့၏ လျှို့ဝှက်အစည်းအဝေးအပြီး ဖက်ဆစ်တော်လှန်ရေး စတင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း လက်ဝဲညီညွတ်ရေးကိစ္စ ရှေ့တန်းရောက်လာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့သည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေး မစမီ ပြည်တွင်းနိုင်ငံရေးတွင် ကွန်မြူနစ်ဝါဒနှင့် လက်ဝဲအယူအဆတို့ အားကောင်းလျက်ရှိပြီး ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင်လည်း ဖက်ဆစ်တော်လှန်ရေးနှင့်အတူ လက်ဝဲနိုင်ငံရေးစီးကြောင်းသည် အရှိန်ကောင်းနေဆဲ ဖြစ်သည့်အလျောက် လက်ဝဲအတွေးအခေါ်၊ အယူအဆနှင့် လက်ဝဲခေါင်းဆောင်များသည် မြန်မာပြည်သူလူထု၏ ထောက်ခံမှုကို မြင့်မြင့်မားမား ရရှိခဲ့သည်ဟု သုံးသပ်နိုင်သည်။သခင်တင်မြ၏ မှတ်ချက်အရ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ကုန်ခါနီးတွင် သခင်တင်မြသည် အာရှလူငယ်မှ ကိုအောင်သူ၏ စီစဉ်ပေးမှုဖြင့် ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့ကို ရန်ကုန်မြို့ ချာချီလမ်း အာရှလူငယ်ဌာနချုပ် ခြံဝင်းအရှေ့ဘက်တွင် တွေ့ဆုံခဲ့သည်။ ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးက သခင်စိုးနှင့် တွေ့ဆုံလိုသဖြင့် စီစဉ်ပေးရန် သခင်တင်မြအား ပြောကြားခဲ့သည်။ သခင်တင်မြက သခင်စိုးထံသို့ အကြောင်းကြားပေးမည် ဖြစ်ကြောင်းနှင့် သခင်စိုးထံမှ အကြောင်းပြန်စာကို ခေတ္တစောင့်ပေးရန် တိုက်တွန်းခဲ့သည်။ သခင်တင်မြမှ သခင်စိုးထံ အကြောင်းကြားထားဆဲ ကာလတွင် ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့သည် ကိုဘဆွေလေး(ရန်ကုန်ဘဆွေ)၏ အကူအညီဖြင့် ကျိုတ်လတ်မြို့မှတစ်ဆင့် ဒေးဒရဲမြို့သို့ သွားရောက်ခဲ့ပြီး သဲကုန်းကျေးရွာတွင် သခင်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့သည် ကွန်မြူနစ်ပါတီ (ဗမာပြည်)အဖြစ် တစ်ပါတီတည်း ပူးပေါင်းပြီး တော်လှန်ရေးတပ်ဦး ကြေညာချက်ကို ၁၉၄၄ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်ကို ဒေးဒရဲမြို့ သဲကုန်းရွာတွင် သခင်စိုး၊ သခင်ချစ်၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်နှင့် ကိုဗဆွေကြီးတို့ ငါးဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ကိုယ်တွေ့ပြောကြားချက် မှတ်တမ်းများအရ သခင်ချစ်၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်နှင့် ကိုဗဆွေကြီးတို့သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒေးဒရဲမြို့ကို သွားရောက်ခဲ့ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးနှင့် ဆွေးနွေးခဲ့သည်ကို ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များဖြစ်သော သခင်မြ၊ ဦးကျော်ငြိမ်းနှင့် ဦးလှမောင်တို့ အနေဖြင့် သိရှိခဲ့ခြင်းမရှိဟု ဆိုသည်။ သခင်စိုးနှင့် တွေ့ဆုံဆွေးနွေးပြီး တော်လှန်ရေးတပ်ဦး ကြေညာချက်ကို ထုတ်ပြန်ပြီး နောက်မှသာ သခင်မြ၊ ဦးကျော်ငြိမ်းနှင့် ဦးလှမောင်တို့ကို အသိပေးခဲ့သည်ဟု ကိုယ်တွေ့ ပြောကြားချက်များအရ သိရှိရသည်။တော်လှန်ရေးတပ်ဦး ကြေညာချက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့သည် ကွန်မြူနစ်ပါတီ (ဗမာပြည်)အဖြစ် တစ်ဖွဲ့တည်းဖွဲ့စည်းကာ တစ်ခုတည်းသောဝါဒ၊ တစ်ခုတည်းသော လမ်းစဉ်နှင့် လမ်းဆုံးပန်းတိုင် ရောက်သည်အထိ ထိရောက်စွာ ဆောင်ရွက်သွားမည့် အကြောင်းကို အလေးအနက် ဖော်ပြထားသည်။ တော်လှန်ရေးတပ်ဦး ကြေညာချက်ပါ ကွန်မြူနစ်ပါတီ (ဗမာပြည်)၏ အနည်းဆုံး လိုလားချက်များမှာ လွတ်လပ်ရေး ယာယီအစိုးရအဖွဲ့ကို အသိအမှတ်ပြုရမည်၊ ကိုယ်ပိုင်လွတ်လပ်သော ဗမာ့စစ်တပ်ကို သီးခြားထူထောင်ပေးရမည်နှင့် လွတ်လပ်ရေးကို စစ်ပြီးလျှင်ပြီးချင်း ပေးရမည်ဟု ခိုင်လုံသော ကတိ ရှိရမည်တို့ဖြစ်သည်။ ကြေညာချက်တွင် ပုန်ကန်ထကြွမှုကို ပြီးပြည့်စုံအောင် နှစ်လအတွင်း စည်းရုံးရန် ညွှန်ကြားထားသည့်အလျောက် ဖက်ဆစ်တော်လှန်ရေးကို နှစ်လအတွင်း စတင်မည့် သဘောဆောင်ခဲ့သည်ကို တွေ့ရှိရသည်။တော်လှန်ရေးတပ်ဦး၏ ဗမာပြည် အထက်ပိုင်းနှင့် မန္တလေးတစ်ဝိုက် ဖက်ဆစ်တော်လှန်ရေး ပြင်ဆင်ဆောင်ရွက်မှုများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ညွှန်ကြားချက်လည်း မပါ၊ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း မသိသော ခြေလှမ်းများ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် အပါအဝင် ဗမာ့တပ်မတော် အရာရှိငယ်များ၏ ပြင်ဆင်မှုများ တပ်ဦးကျွံပြီး ဖက်ဆစ်တော်လှန်ရေးကြီး တစ်ခုလုံးကို ထိခိုက်မည် စိုးရိမ်သည့်အလျောက် အလျင်အမြန် တားမြစ်ခဲ့ရသည်။ ဗမာပြည် ကွန်မြူ နစ်ပါတီကလည်း ဝေဖန်ချက် စာတမ်းတစ်စောင် ထုတ်ပြန်သတိပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်အောင်ကြီးကို ရန်ကုန်စစ်ရုံးသို့ ချက်ချင်းပြန်ခေါ်ယူခဲ့ပြီး၊ သူ့မျက်စိအောက်တွင် ထားခဲ့သည်။ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားသည့် တော်လှန်ရေးတပ်ဦးကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။ တော်လှန်ရေးတပ်ဦး အနေဖြင့် နှစ်လတာ ကာလအတွင်း ဖက်ဆစ်တော်လှန်ရေးကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးနိုင်ခဲ့သော်လည်း၊ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဖက်ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်စည်းဝေးခဲ့သော ခေါင်းဆောင်ကြီး သုံးဦးအနက်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ကို ကြိုတင်အသိပေး၊ ဆွေးနွေး၊ လမ်းညွှန်ချက် မရယူနိုင်ခဲ့ခြင်းသည် အဓိက အားနည်းချက် ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းက မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် လက်ဝဲညီညွှတ်ရေး၏ အရေးပါမှုကို ကြိုတင်သိမြင်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ တော်လှန်ရေးတပ်ဦးကို ဖျက်သိမ်းခဲ့ရသော်လည်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့သည် ဗမာ့တပ်မတော်နှင့်အတူ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအောက်တွင် ဖက်ဆစ်တော်လှန်ရေးကို ရေကုန်ရေခန်း ကျားကုတ်ကျားခဲ ဆင်နွှဲခဲ့ကြသည်။                                                                                                              အချုပ်အားဖြင့်ဆိုသော် သခင်စိုးက ဖက်ဆစ်တော်လှန်ရေး အကြိုကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့ကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းခဲ့ခြင်းသည် မှားယွင်းကြောင်း၊ တပ်ပေါင်းစုအနေဖြင့်သာ ပေါင်းစည်းသင့်ကြောင်း တော်လှန်ရေးတပ်ဦးနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် ဇူလိုင်လတွင် ပြန်လည်သုံးသပ်ခဲ့သည်။ လက်ဝဲညီညွတ်ရေး ဦးတည်သည့် တော်လှန်ရေးတပ်ဦး ဖွဲ့စည်းခြင်းသည် လျော်ကန်သော်လည်း၊ တပ်ဦးကျွံပြီး၊ ဖြိုခွဲခံခဲ့ရမည် ဆိုပါက၊ ဖက်ဆစ်တော်လှန်ရေးကို အထိနာစေနိုင်မည် ဖြစ်သည်။ လက်ဝဲညီညွှတ်ရေးကို ဦးတည် ဖော်ဆောင်မည့် တော်လှန်ရေးတပ်ဦးသည် စင်ပြိုင်တော်လှန်ရေး လမ်းကြောင်းတစ်ခုအသွင် နိုင်ငံရေးပခုံးချင်း ယှဉ်လာမည်ဆိုလျှင် လွတ်လပ်ရေး တိုက်ပွဲကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ထိပါးလာနိုင်ခြေ ရှိသည့်အလျောက် လက်ဦးမှုယူ တားဆီး၊ လမ်းကြောင်းတည့်မတ် ပေးခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်နိုင်မည်ဖြစ်သည်။ကိုးကား ။    ။ သခင်တင်မြရေး ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း ၁၀ တိုင်း ကိုယ်တွေ့ပြောကြားချက် မှတ်တမ်းများ (သခင်စိုး၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ သခင်သာခင်၊ ဗိုလ်ရဲထွဋ်၊    ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး) ၁၉၈၂ ခုနှစ် ဇူလိုင်လ ၅ ရက်၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး နေအိမ်။

Most Read

Most Recent