ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတပြောကြားဟု RFA သတင်းဌာနဖော်ပြ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတပြောကြားဟု RFA သတင်းဌာနဖော်ပြ
Published 27 March 2015
ကျော်ဇင်ဝင်း

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားကြောင်း လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ မတ် ၂၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။    လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ ပုံမှန်ကဏ္ဍတစ်ခုဖြစ်သည့် "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက်မေးမြန်းရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ထူးခြားမှုအခြေအနေအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဖြေကြားချက်ကို ကိုးကား၍ "ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ သမ္မတပြောကြား" သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။    ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "အခုထိတော့ဘာမှမထူးပါဘူး။ သမ္မတကြီးနဲ့တွေ့တုန်းကတော့ ဆွေးနွေးစရာရှိတာကို မြန်မြန်ဆွေးနွေးမယ်လို့ ဒီလိုနားလည်တာပဲ။ ဒါပေမဲ့ အခုထိတော့ ဘာမှမကြားသေးပါဘူး" ဟု RFA သတင်းဌာနသို့ ဖြေကြားခဲ့သည်။ထို့ပြင် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟု မြန်မာအစိုးရခေါင်းဆောင်တိုင်းက ပြောဆိုနေကြကြောင်း၊ တစ်ပြည်လုံးအနှံ့သန့်ရှင်းသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်မည်ဟု ယုံကြည်ချက်ရှိပါသလားဆိုသည့်မေးခွန်းမေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က "လွတ်လပ်မျှတမယ်ဆိုတာကို ဒီလိုလွတ်လပ်မျှတစေရမယ်လို့ပြောတဲ့ ဝန်ကြီးအဖွဲ့ဝင်တွေက ဘယ်လိုအဓိပ္ပာယ်ဖော်လဲတော့ မသိဘူး။ တကယ်ပဲမျှတရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းရပါလိမ့်မယ်" ဟုပြောကြားသည်။    သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမှု ခြောက်ကြိမ်ရှိပြီးဖြစ်ပြီး နောက်ဆုံးတွေ့ဆုံမှုမှာ ၂၀၁၅ ခု နှစ် မတ် ၂ ရက်ကဖြစ်သည်။    ထိုသို့နောက်ဆုံးတွေ့ဆုံမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။    ပြည်ထောင်စုလွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအပါအဝင် နိုင်ငံ၏အနာဂတ်ကောင်းမွန်စေရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်  တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါဝင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အတည်ပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆွေးနွေးပွဲဖြစ်အောင်လုပ်ရမည်ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် ထပ်မံပြောကြားထားသည်။    ထို့အတူ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကိုမလိုက်နာပါက ဥပဒေကိုချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များအား ပြောကြားထားသည်။    ထို့ပြင် မတ် ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကိုယ်စားပြု ရွေးချယ်ခံထားရသည့် ဒေါက်တာအေးမောင်အပါအဝင် လွှတ်တော်တွင်းရောက်ရှိနေသည့် ပါတီများမှ ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားကြရန်ပြောကြားထားပြီး လက်ရှိအချိန်အထိ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း သိရသည်။          

Most Read

Most Recent