အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား သီးခြားလိုင်စင်/ပါမစ်ဖြင့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား သီးခြားလိုင်စင်/ပါမစ်ဖြင့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်
Published 26 March 2015
မင်းသီဟဇော်

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား သီးခြားလိုင်စင်/ပါမစ်ဖြင့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စရပ်များ (သီလဝါ/ထားဝယ်/ကျောက်ဖြူ)တွင် လာရောက်ရင်းနှီး မြှုပ်နှံလိုသော ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော လိုင်စင်/ပါမစ်များကို (One Stop Services) ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရာ အထူးစီးပွားရေးဇုန် ကိစ္စရပ်များအား သီးခြားလိုင်စင်/ပါမစ် Code သတ်မှတ်ပြီး IELPS (bottrade) စနစ်ဖြင့် လိုင်စင်လျှောက်ထား/ထုတ် ပေးခြင်းအား ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ သီလဝါအထူး စီးပွားရေးဇုန်အတွက် (TLW SEZ IL 15-16 0001 01/04/2015) ၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် (KPU SEZ IL 15-16 0001 01/04/2015)၊ ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် (DWI SEZ IL 15-16 0001 01/04/2015) စသည့် Code များ သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်၍ MIC(OSS) ရုံးတွင် နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် တင်သွင်းသည့် ပို့ကုန်/သွင်းကုန် လိုင်စင်များအား IELPS (bottrade) စနစ်ဖြင့် သီးခြားလိုင်စင် Code သတ်မှတ်ကာ လိုင်စင်ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကို ခေတ်နှင့်အညီ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် အခက်အခဲ အတားအဆီး ရှိနေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို ပြင်ဆင်ဖြေလျှော့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူး လုပ်ငန်းအဖွဲ့မှ သိရသည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဖြေလျှော့သင့်သည်များကို ဖြေ လျှော့ခြင်း၊ အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံတကာလုပ် ထုံးလုပ်နည်းများနှင့်အညီ ရင်ပေါင်တန်း၍ မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးလုပ်ငန်းအဖွဲ့သည် ကုန်သွယ်ရေးမူဝါဒနှင့် စီးပွားရေးကဏ္ဍအလိုက် မူဝါဒများကို ခေတ်ကာလနှင့်အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်လျောညီထွေပြီး နိုင်ငံတော်ဖွွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးတို့ကို အခြေခံလျက် ဆွေးနွေးညှိနှိုင်းပြုစု တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုန်သွယ်ရေးမူဝါဒများကို ခေတ်နှင့်အညီ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် အခက်အခဲအတားအဆီး ရှိနေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဖြေလျှော့နိုင်ရေး တင်ပြဆောင်ရွက်နိုင်ရန်ကိုလည်း အဆိုပါအထူး လုပ်ငန်းအဖွဲ့ကပင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။            
 

Most Read

Most Recent