မြို့နယ်ဆရာဝန်တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (သို့မဟုတ်) ပြိုကွဲသွားသော အိပ်မက်ကလေးများ

မြို့နယ်ဆရာဝန်တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (သို့မဟုတ်) ပြိုကွဲသွားသော အိပ်မက်ကလေးများ
Published 26 March 2015
နန္ဒဝင်း (ဆေး-၁)

ကျွန်တော့်ဖေဖေက ဆရာဝန်ပါ။ ဖေဖေက ဆေးခန်းကို အိမ်မှာပဲဖွင့်ပါတယ်။ ကလေးဘာသာဘာဝ ဆော့ကစားရင်းဖေဖေ့ကို ငေးကြည့်ရင်း နောက်ကြီးလာတော့ဝိုင်းကူရင်း အားကျလာပြီး ကျွန်တော့်မှာ ဆရာဝန်မဖြစ်ရင် သေမယ်ဆိုတဲ့ ပိုးဝင်သွားခဲ့ပါတော့တယ်။ အခြေခံပညာ ကျောင်းသားဘဝမှာကတည်းက ကျွန်တော့်ရဲ့ အန္တိမရည်မှန်းချက်ဟာ ဆေးကျောင်းတက်ခွင့် ရရှိရေးပဲဖြစ်ပါတယ်။
ဆေးကျောင်းတက်တဲ့ ကာလမှာလည်း အရေးအခင်းတွေဖြစ် ဆေးကျောင်းသက်ကြာ ဆေးကျောင်းတစ်ဖက်နှင့် တခြားဝင်ငွေနှင့် အတွေ့အကြုံရမယ့် လုပ်ငန်းတွေပါ လုပ်တတ်လာခဲ့ပါတယ်။ တွဲဖက်လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ အာရုံနှစ်ကြိုးစား ခဲ့တဲ့အတွက် ထိုက်သင့်သလို အကျိုးပေးကောင်းကာ အောင်မြင်ခဲ့ပြန်ပါတယ်။ စိုက်လိုက်မတ်တတ် နှစ်မြှုပ်ပြီးလုပ်ကိုင်လိုက်ရင် အချိန်တိုတိုနှင့် ငွေကြေးစည်းစိမ်ရနိုင်မယ့် အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရင်တွင်းမှာ အမြစ်တွယ် ဖြစ်ချင်တဲ့ဘဝက ဆရာဝန်မှ ဆရာဝန်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဆရာဝန်ဖြစ်ခါနီးမှာ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို မလုပ်တော့ဘဲ ဆရာဝန်ဖြစ်စေ ရေးကိုပဲ ရှေးရှုခဲ့မိပါတယ်။ တစ်နည်းဆိုရရင် ဘဝမှာ ဆရာဝန်အလုပ်ထက် သက်သောင့်သက်သာနေရမယ့် ပိုက်ဆံရမယ့် အခွင့်အရေးတွေအားလုံးကို နှစ်ခါမစဉ်းစား ခေါင်းခါပြီး အစိုးရ ဆရာဝန်ဘဝကို ခါးသီးစွာ စတင်ခဲ့ပါတော့တယ်။
အလုပ်မဝင်ခင်တက်ရတဲ့ သင်တန်းတစ်ခုမှာ သင်တန်းပို့ချသူများနဲ့ ကျွန်တော် အပါအဝင် သူငယ်ချင်းတစ်စု ကိုယ်ထားတဲ့ စံမတူတဲ့ကိစ္စနဲ့ အချင်းတွေများခဲ့ကြပါ တယ်။ (ပြန်လည်သုံးသပ်ကြည့်မှ ကိုယ်မှန်မယ်ထင် လုပ်ခဲ့တာတွေဟာ အလုံးစုံမမှန်ခဲ့ ဘူးဆိုတာရယ်ကို ခုချိန်မှာ ပိုမိုသိရှိခဲ့ပါတယ်။ တစ်ချိန်ကျရင် အဲဒီကိစ္စကို ဖော်ထုတ်ရေးသားပါဦးမယ်။) အဲဒီသင်တန်းရဲ့ မှတ်ချက်ကြောင့် အစိုးရဆရာဝန်ဘဝအစကို ချင်းပြည်နယ်မှာ စတင်ပြီး သွားရောက်တာဝန် ထမ်းဆောင်စေခဲ့ပါတယ်။ တရားတယ်၊ မတရားဘူး ပတ်ဝန်းကျင်က အမျိုးမျိုးဆိုကြတဲ့အထဲမှာ တစ်သက်လုံးမျှော်လင့်ခဲ့တဲ့ ဆရာဝန်တစ်ယောက် ဖြစ်စေရေးကို ကျောမခိုင်းနိုင်ခဲ့ပါဘူး။ အဲဒီဖလမ်းမှာ စတာဝန်ကျတုန်းက စာကျက်ပြီး ဘွဲ့လွန်အောင်ဖို့ပဲ အာသီသရှိခဲ့ပါတယ်။ အချိန်ရတိုင်း စာကျက်မယ်။ ဒီချင်းပြည်ကနေ ဘွဲ့လွန်တက် ရုန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်နှင့် သွားရောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ မြို့အဝင်ထိပ်က မြန်မာပြည် လွတ်လပ်ရေးရတဲ့နေ့မှာ တည်ထားတဲ့ လွတ်လပ်ရေးစေတီကို နေ့စဉ်သွားဆုတောင်းခဲ့တာတောင် အမှတ်ရပါသေးတယ်။
ဒါပေမဲ့ ချင်းတောင်မှာ အမှတ်မထင် ကျွန်တော်ကယ်တယ်လိုက်တဲ့အသက်တွေ ကျွန်တော့်ကြောင့် ကောင်းမွန်သွားတဲ့လူ နာတွေကို တွေ့လာရပြီး နယ်တွေမှာ ဆရာဝန်တွေ လိုအပ်နေပါလားဆိုတဲ့ တောချစ်တဲ့ စိတ်ကလေး နည်းနည်းစဝင် လာခဲ့ပါတော့တယ်။ သို့ပါသော်လည်း တစ်သက်လုံးမြို့ကြီး ပြကြီးမှာဘဲ နေထိုင်ကြီးပြင်းပြီး မြို့ပြလူနေမှုစနစ်ကို စိမ့်ဝင်ပျော်ရွှင်နေခဲ့သူ တစ်ဦးပီပီ မြို့ကြီးပြကြီးမှာပဲ နေထိုင်ခွင့်ရဖို့ ဆက်လက်ကြိုးစား နေမိခဲ့ပါတယ်။ နှစ်ကာလတစ်ခု ပြည့်မြောက်လို့ ပြောင်းရွှေ့ခွင့်ရတဲ့အခါ ဧရာဝတီတိုင်းက မအူပင်ဆေးရုံကြီးကို တာဝန်ကျခဲ့ပါတော့တယ်။ မအူပင်ဆေးရုံကြီး ရောက်တဲ့အခါ လုပ်ငန်းလိုအပ်ချက်အရ တိုက်နယ်ဆေးရုံကြီးကို တာဝန်ကျခဲ့ပါတော့တယ်။ မအူပင်ဆေးရုံကြီး ရောက်တဲ့အခါ လုပ်ငန်းလိုအပ်ချက်အရ တိုက်နယ်ဆေးရုံကြီး ရောက်တဲ့အခါ လုပ်ငန်းလိုအပ်ချက်အရ တိုက်နယ်ဆေးရုံလေးတစ်ရုံ (ဓနုဖြူမြို့နယ်၊ ဆကာကြီး)ကို ခေတ္တသွားခဲ့ရပါတယ်။ လက်ထောက်ဆရာဝန် ၁၁ ဦးမှာ ကျွန်တော်တစ်ဦးတည်း လုပ်သက် သုံးနှစ်နီးပါးရှိနေပြီး ကျန် ၁ဝ ဦးက လုပ်သက်သုံးလပဲ ရှိသေးတဲ့အတွက် ကျွန်တော်တာဝန်ကျသွား ခဲ့ရတော့တာပါပဲ။ ချင်းတောင်မှာတုန်းက ကျက်ခဲ့တဲ့စာတွေကို ဆက်ကျက်မယ်။ ဘွဲ့လွန်တစ်ခု မရရအောင်ဖြေမယ်။ ကုသရေးကိုသာ စွဲစွဲမြဲမြဲလုပ်တော့မယ်လို့ ဆုံးဖြတ်ထားသူအတွက် မတတ်သာဘဲ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို တည်းတည်းရင်းရင်း သိလာခဲ့ပါတယ်။ ငယ်ငယ်ကျောင်းသားဘဝက PSM ဆို problem searching medicine လို့ နောက်ပြောင်ခေါ်ပြီး အာလူးတွေပါကွာ ဆိုတဲ့ အတန်းကြီးတွေ လက်ဆင့်ကမ်းထားတဲ့ စကားလုံးကို အာဂုံဆောင်ခဲ့မိတယ်။ တကယ်တမ်းလုပ်တော့မှ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို စိတ်ဝင်စားသွားတယ်။ တိုင်း ပြည်မှာ အများကြီးလုပ်ဖို့ လိုနေသေးတယ် ဆိုတာ သိလာခဲ့ပါတယ်။ ဒါပေမဲ့ အထူးကု ဆရာဝန်တစ်ယောက်ဖြစ်လာရေး အိပ်မက်ကတော့ ပျက်မသွားသေးပါဘူး။
အကြောင်းကြောင်းကြောင့် ဘွဲ့လွန်မ ပါနိုင်ဘဲ တိုက်နယ်ဆရာဝန်တစ်ယောက်အ ဖြစ် ရခိုင်ရိုးမဘေးက ပုသိမ်မုံရွာ ကားလမ်း နံဘေး ကွင်းကောက်တိုက်နယ်ကလေးကို ရောက်လာတဲ့အခါမှာ ပြည်သူ့ကျန်းမာရေး ကို အခြေပြုကုသရေးကို အားစိုက်တဲ့လုပ် ငန်းတွေကို အကောင်အထည်စဖော်ခဲ့ပါတယ်။ တက်ကြွစွာ ဦးဆောင်လုပ်ကိုင်ရင်း ပြည်သူ လူထုကလည်း တစ်ခဲနက်ပါဝင်လာပြီး ပြည် သူတွေအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်း တွေဟာ လုပ်နိုင်ရင်လုပ်နိုင်သလောက် အ ကျိုးတွေရှိတယ်။ အောင်မြင်မှုတွေရတယ်။ ကုသရေးလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းကို အချိုးကျပေါင်းစပ်လိုက်ရင် တကယ်အောင်မြင်မယ်ဆိုတာ အသွေးအ သားထဲက လက်ခံသိရှိလာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ မအောင်သေးတဲ့ ကုသရေး ဘွဲ့လွန်တွေကို ဆက်ကြိုးစားမယ့်အစီအစဉ် ကို စွန့်လွှတ်ရင်း ကုသရေးရော ပြည်သူ့ ကျန်းမာရေးပါ တွဲလုပ်လို့ရတဲ့ မြို့နယ်ဆရာ ဝန်ဘဝကို စခဲ့ရပါတယ်။ အခြေခံအဆောက် အအုံတွေ ချို့တဲ့တဲ့မြို့လေးကို ဖြည့်ဆည်းပေး ရင်း နည်းနည်းစိမ်းနေတဲ့ ဘာသာရပ်ဖြစ်တဲ့ အုပ်ချုပ်မှုလုပ်ငန်းတွေ အထက်အောက်ဆက် ဆံရေးတွေ တည်ဆောက်ရေးလုပ်ငန်းတွေကို အရင်းအနှီးတော်တော်ပေးဆပ်ပြီး သင်ကြား ခဲ့ရပြန်တယ်။ မြို့နယ်ဆရာဝန် တစ်နည်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး (ကျွန်တော်ကတော့ ဦးစီးဆိုတဲ့စကားလုံးတွေကို တင်စီးတယ်လို့ မှတ်ထင်သူတစ်ယောက်ပါ) ရဲ့ စွမ်းအားကို အစွမ်းကုန်အသုံးချပြီး ပြည်သူ့ကျန်းမာရေးကို အခြေပြုတဲ့ ကုသရေးလုပ်ငန်းတွေကို စမ်းသပ်လုပ်ကိုင်နိုင်ခဲ့တယ်။
နောက်တော့ အတိတ်က ပဋ္ဌာန်းဆက်တွေ ရှိနေပါတယ်လို့ ဆိုရလောက်အောင် ဖြစ်နေတဲ့ အင်္ဂပူကို ပြန်ပြောင်းခဲ့ရတယ်။ (နယ်ရုပ်လေးတစ်ရုပ်လို တောင်းသူကတောင်း ပို့သူကပို့ပေါ့) တစ်သက်လုံး စိတ်ကူးယဉ်ခဲ့တဲ့ public health orientated clinical health care (ပြည်သူ့ကျန်းမာရေးကို အခြေခံသော ကုသရေးလုပ်ငန်းများ) ကို ပိုလုပ်နိုင်ခဲ့တယ်။ နယ်ဝန်ထမ်းတွေရဲ့အားကိုယူ လူနာတွေရှာ အထူးကုတွေနှင့်ဆက်စပ် မျက်စိအတွင်းတိမ် တစ်ထောင်ကျော် နှုတ်ခမ်းကွဲ အာခေါင်ကွဲ သုံးရာကျော် လည်ပင်းကြီး ၄ဝ ကျော် အခြား အခြားသော ဆင်းရဲချို့တဲ့ပြီး ကုသရကောင်းမှန်းမသိ ကုရင်ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို ပြည်သူ့ကျန်းမာဝန်ထမ်းများရဲ့ အကူအညီနဲ့ရှာပြီး ကုသရေးစည်းဘောင်ထဲကို (ဆေးရုံကြောက်သူတွေကို ဆေးရုံထဲအရောက်) ဆွဲခေါ်နိုင်ခဲ့တယ်။ အောင်မြင်မှု ပီတိတွေရလာတဲ့အခါ ငွေမမြင်ရလည်း ဘဝဟာ နေပျော်လာတော့တယ်။ (မိသားစုဘဝအတွက် အခြေချစရာ နေစရာကောင်းကောင်း မစီစဉ်ပေးနိုင်ပေမယ့် ငွေကြေးထက် ပီတိကို ပိုမက်လာခဲ့တယ်) ဘာဘွဲ့လွန်မှ ဆက်မတက်တော့ဘဲ TMO ဘဝမှာဘဲ အသက်ကာလ တစ်ခုအထိ မြှုပ်နှံတော့မယ် နောက်အိပ် မက်တစ်ခုဖြစ်တဲ့ ကုသရေးကို အခြေပြုပြီး ပြည်သူ့ကျန်းမာရေးကို မြှင့်တင်မယ်ဆိုတဲ့ စိတ်ကူးတွေ ထပ်ယဉ်ခဲ့တယ်။ ယဉ်မိတာနှင့် အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို သူတို့အပိုင်နယ်မြေထဲမှာ နာမကျန်းမှုစစ် တမ်း စတင်ကောက်ခိုင်းတာကို စတင်ခဲ့ တယ်။ မြုပ်နေတဲ့လူနာတွေကို ရှာမယ်။ ကုမယ် ပျောက်မယ် ပျောက်ကင်းလာတဲ့ အခါ ပြည်သူလူထုကလည်း ပြည်သူ့ကျန်း မာရေးဝန်ထမ်းတွေကို ပိုမိုအားကိုးလာမယ်။ အဲဒီ အောင်မြင်မှုတွေကို အခြေခံပြည်သူ ကို ပိုစည်းရုံးမယ်။ ပြည်သူက ယုံကြည်လာရင် ကိုယ့်စကားကိုလည်း နားထောင်မယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ သေချာပေါက် တိုးတက်မယ်ဆိုပြီး စိတ်ကူးဖဲကလေးတွေ ရိုက်ခဲ့ပါတော့တယ်။ ဘယ်သူဘာပြောပြော ဘာဘွဲ့လွန်မှ မတက်တော့ဘူးလို့တောင် တိတ်တိတ်ကလေး ဆုံးဖြတ်ထားခဲ့မိတယ်။ တစ်သက်လုံး မြို့နယ်ဆရာဝန်ဘဝ အဖြစ်ပဲနေထိုင်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းနှင့် ကုသရေးလုပ်ငန်းတွေကို ဟန်ချက်ညီညီ ဆောင်ရွက်သွားမယ်လို့ စိတ်ကူးသံဓိဋ္ဌာန် ချထားခဲ့မိပါတော့တယ်။ ဒါပေမဲ့ ကံ ကြမ္မာက အခြေအနေမပေးတော့ပါဘူး။ သိပ်ချစ်တဲ့ ကုသရေးနှင့် သိပ်မြတ်နိုးတဲ့ ပြည်သူ့ကျန်းမာရေးနှစ်ခုအနက် တစ်ခုခုကိုပဲ အာရုံစိုက်ရတော့မယ်။ တစ်သက်လုံးတွဲလုပ်ခဲ့တဲ့ ဌာနကြီးကို ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနကြီးတွေအဖြစ် ခွဲခြမ်းတော့မယ်ဆိုတာ တိုးတိုးကနေ ကျယ်ကျယ်ပေါ်ထွက်လာပြီး ဖွဲ့စည်းပုံဇယားတွေတောင် လက်ဝယ်ရောက်သူတွေ ရောက်ကုန်ကြတော့တယ်။ ကိုယ်မတွေးနိုင်တဲ့ အမြော်အမြင်တွေနှင့် လူကြီးတွေ စီစဉ်ရာအတိုင်းဌာနကြီး နှစ်ခြမ်းကွဲတော့မယ်။ အရင်ကတစ်ဦးတည်း လုပ်နေတာကို နှစ်ဦးလုပ်ရတော့မယ်။ ဘယ်လောက်ပဲ သဘောချင်းတိုက်ဆိုင်ပါတယ်ဆိုဆို ဌာနမတူတော့တဲ့အတွက် စိတ်ကူးယဉ်ခဲ့သလို ဆက်လုပ်ဖို့ပြည်သူ့ ကျန်းမာရေးအားကို ဆက်ယူကုသရေးကို တိုးတက်အောင်လုပ်ခဲ့သလို ကုသရေးအားကိုယူ ပြည်သူ့ကျန်းမာရေးကို တိုးတက်စေဖို့ မဖြစ်နိုင်တော့ပါဘူး။ အရင်ဌာနတစ်ခုထဲ တုန်းကတောင် ခင်ဗျား အလုပ်တွေ ဘယ်လောက်အောင်မြင်အောင်မြင် ပြည်သူတွေဘယ်လောက် အားကိုးအားကိုး လုပ်နည်းကိုင်နည်းက သီအိုရီနဲ့ လွဲနေတယ်ဆိုတဲ့ စာအုပ်ထဲကနည်းတွေကိုသာ လမ်းညွှန်အဖြစ်ကိုင်တတ်တဲ့ ကျုပ်က ပြည်သူ့ကျန်းမာရေးဘွဲ့လွန် MPH ပါ။ ခင်ဗျား ထက်ဘွဲ့တွေသာတယ်ဆိုတဲ့ ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ေ ဖာ်နိုင်တော့မယ်မထင်ပါဘူး။ ကုသရေးနဲ့ ပြည်သူ့ကျန်းမာ တစ်ခုခုကိုတော့ စွန့်လွှတ်ရပါတော့မယ်။ ဘွဲ့လွန်တစ်ခုခုလည်း တက်ရင်တက် ဖြစ်တော့မှာပါ။ (နားနဲ့မနာဖဝါးနှင့်နာပါ .....ကြီးမှ လက်ပေးသင်တယ်ဆိုလည်း ဆိုကြပါတော့)
မျှော်လင့်ခဲ့တဲ့ အိပ်မက်တွေ မြေမှာကြွေကျတာကို လျစ်လျူရှုပြီး ဘဝလမ်းကို ဆက်လျှောက်ရဦးမှာပါ။ အောင်မြင်မှု တချို့တစ်ဝက်ရနေပါပြီ။ ဆက်အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ခုလိုကြုံရတာကို စိတ်ထဲမှာ ခံစားရပါတော့တယ်။ မြို့နယ်ဆရာဝန်တွေဆိုရင် မတတ်သာလို့သာ ပတ်သက်နေရတယ်။ ရမ်းကုအကြီးစား သာသာ ထင်မှတ်ထားသူတွေ စီမံတဲ့အတိုင်း လိုက်နာရပါတော့မယ်။ (စွပ်စွဲချက်ပြင်းထန်သွားရင် ခွင့်လွှတ်ပါ)
လက်တွဲညီညီ ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ ကျန်းမာ ဝန်ထမ်းတွေကိုရော ကုသရေးဝန်ထမ်းတွေကိုရော လွမ်းနေမှာပါ။ တစ်နေ့နေ့တော့ ကျကွဲသွားတဲ့ အိပ်မက်လေးတွေကိုပြန်ပြီး အသက်သွင်းနိုင်မလား ဆိုတာကိုတော့။
 

Most Read

Most Recent