အစိုးရဘတ်ဂျက်တောင်းခံငွေအပေါ် လွှတ်တော်မှ ဖြတ်တောက်မှုသည် စုစုပေါင်းတောင်းခံငွေ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ကြောင်း လွှတ်တော်စီမံကိန်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြောကြား

အစိုးရဘတ်ဂျက်တောင်းခံငွေအပေါ် လွှတ်တော်မှ ဖြတ်တောက်မှုသည် စုစုပေါင်းတောင်းခံငွေ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ကြောင်း လွှတ်တော်စီမံကိန်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြောကြား
Published 22 March 2015

အစိုးရဘတ်ဂျက်တောင်းခံငွေအပေါ် လွှတ်တော်မှ ဖြတ်တောက်မှုသည် စုစုပေါင်းတောင်းခံငွေ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ကြောင်း အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဥပဒေကြမ်းများစိစစ်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးစိုးသာက လွှတ်တော်၌ ဆွေးနွေးပြောကြားခဲ့သည်။
 
မတ် ၁၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆  ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဥပဒေကြမ်းများ စိစစ်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင်  ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့ လျှော့ချဖြတ်တောက်လိုက်သော ဘတ်ဂျက်များကိုလည်း ထပ်တိုးဘတ်ဂျက် (RE) တွင် ထပ်မံတောင်းခံနိုင်သည့်အတွက်  ဝန်ကြီးဌာနများအနေဖြင့် စိုးရိမ်သောကဖြစ်ရန် မလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း ဝန်ကြီးဌာနများအနေဖြင့် လုပ်သာကိုင်သာရှိရန် အခွင့်အရေးပေးထားခြင်းဖြစ်ကြောင်း ဦးစိုးသာက ပြောကြားခဲ့သည်။
 
“ကျွန်တော်တို့ ဒီဘတ်ဂျက် စိစစ်ပြီးတော့ လျှော့တဲ့ကိစ္စတွေမှာ ဝန်ကြီးဌာနတွေကို မထိခိုက်ဘူး။ တကယ်တမ်းပြောရရင် မထိခိုက်ဘူးလို့ ပြောရဲပါတယ်။ စုစုပေါင်းနဲ့  ဖြတ်တဲ့ကိစ္စကြည့်လို့ရှိရင် ကျွန်တော်တို့က  ၁၈ဝ ဆိုလို့ရှိရင် ဘတ်ဂျက်တစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းတောင် မပြည့်ပါဘူးလို့ ကျွန်တော်တို့ ဒါလေးတင်ပြအပ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဖြတ်တယ်ဆိုရင် ဌာနတွေကို လုပ်သာကိုင်သာရှိအောင် လုပ်ဆောင်ထားပြီးမှ ဒါလေး ဒီလိုဆောင်ရွက်တယ်။ ဌာနတွေ အခက်အခဲရှိတာကို ကျွန်တော်တို့က  မဖြစ်စေချင်ပါဘူး”ဟု အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဥပဒေကြမ်းများ စိစစ်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးစိုးသာက လွှတ်တော်၌ ပြောကြားခဲ့သည်။
 
ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ကထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည့် ဘီလျံ ၅၇ဝ ကို ယခု ၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် ပိုမိုတောင်းခံခဲ့ကြောင်း၊ ပညာရေးသည် ၂၁ ရာခိုင်နှုန်းဖြစ်သည့် ၂၅၁ ဘီလျံကို ပိုတောင်းထားကြောင်း၊ လယ်ဆည်ဝန်ကြီးဌာနသည်  ၂၆ ရာခိုင်နှုန်းဖြစ်သည့် ၁၅၅ ဘီလျံကို ပိုတောင်းထားကြောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနသည် ၄၅ ရာ ခိုင်နှုန်းဖြစ်သည့် ၁ဝ၉ ဘီလျံကို ယခုနှစ်တွင် ပိုတောင်းထားကြောင်း၊ သစ်တောဝန်ကြီးဌာနမှ ၁၅ ရာခိုင်နှုန်းဖြစ်သည့် ၇၅ ဘီလျံ ပိုတောင်းထားကြောင်း၊ ထိုသို့ပိုတောင်းသည့် ဝန်ကြီးဌာနများကို စိစစ်လိုက်ပါက ဘတ်ဂျက်များကို ဖြတ်တောက်သင့်သည့် ဝန်ကြီးဌာနများ ပေါ်ပေါက်လာကြောင်း ဦးစိုးသာက ဆိုသည်။
 
သို့သော် ဝမ်းနည်းစရာကောင်းသည့်အချက်မှာ အစိုးရ၏ ယခုနှစ် ဘတ်ဂျက်နှင့် စီမံကိန်းများတွင် လွှတ်တော်ထံသို့ ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်းအများစု မပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
 
လက်ရှိ အစိုးရ၏ နောက်ဆုံးဘတ်ဂျက် တောင်းခံမှုအဖြစ် ငွေကျပ်ဘီလျံ ၂ဝဝဝဝ ကျော် သုံးစွဲခွင့်ပြုရန်တောင်းခံခဲ့ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေ ငွေကျပ်ဘီလျံ ၃၈ဝဝ ကျော်အထိ ရှိလာကြောင်း ဇန်နဝါရီ ၂၆ ရက် တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း(ဘတ်ဂျက် ဥပဒေကြမ်း)အရ သိရသည်။

Most Read

Most Recent