UPWC နှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (မူကြမ်း) အား အပြီးသတ်သဘောတူညီမှုရရှိရန် မသေချာ

UPWC နှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (မူကြမ်း) အား အပြီးသတ်သဘောတူညီမှုရရှိရန် မသေချာ
Published 21 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ မတ် ၁၇ ရက်မှ စတင်ပြုလုပ်ခဲ့ရာ မတ် ၂ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ လေးရက်မြောက်နေ့ ပြီးဆုံးသည်အထိ အပစ်ရပ်မူကြမ်းပါ အချက်အားလုံး နှစ်ဖက် သဘောတူညီမှု မရရှိသေးဘဲ ဆက်လက် ညှိနှိုင်းနေဆဲဖြစ်သည်။ 
 
UPWC နှင့် NCCT တို့သည် ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ရန် ရက်သတ်မှတ်ထားပြီး ယနေ့(မတ် ၂၁ ရက်) တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် အပစ်ရပ်မူကြမ်းပါ အခန်း ခုနစ်ခန်းအနက် အခန်း(၆) နှင့် အခန်း(၇) တို့ကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရပ်တည်မှုကို အာမခံချက်ပေးရမည့် အချက်များနှင့် ၎င်းတို့ လွတ်လပ်စွာသွားလာခွင့်ကိစ္စများ၊ ယုံကြည်မှု တည်ဆောက်ခြင်းကိစ္စများ ပါဝင်သည့်  ကြားကာလအစီအစဉ်များကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
 
မတ် ၂ဝ ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် Myanmar Peace Center မှ ဦးလှမောင်ရွှေက “ကျန်တဲ့အချက်ကတော့ ကျွန်တော်တို့အမြင် အရေးကြီးတဲ့အချက် အများကြီးတော့ မကျန်ဘူး။ ကျွန်တော်တို့ နဂိုတုန်းက အရေးကြီးတယ်လို့ ယူဆတာက ရှစ်ချက်လောက်။ အခုဆိုရင်တော့ ဒီအထဲက တစ်ဝက်လောက်ကတော့ ဆွေးနွေးပြီးတော့ ပြေလည်သွားတာဖြစ်တဲ့အတွက်  ကျန်တာကို ဆက်ဆွေးနွေးဖို့ လိုတယ်။ တကယ်လို့ နှစ်ဖက်လုံးက သူတို့ကို ပေးထားတဲ့ဘောင်တွေထဲက ကျော်လို့ ညှိနှိုင်းလို့ခက်ရင်တော့ ပြန်ပြီး တင်ပြစရာရှိရင်လည်း တင်ပြပေါ့။ တချို့ဟာတွေလည်း တင်ပြပြီးတော့ ပြန်ညှိနေတာတွေလည်း ရှိပါတယ်။ မနက်ဖြန် ဆက်သွားကြည့်ရမယ်။ ဒီတစ်ခေါက်ကတော့ အစကတည်းက တင်ပြထားတယ်  ရည်မှန်းချက် က ဒီတစ်ခေါက်တည်းမှာ ပြီးပြတ်နိုင်ဖို့ ရည်မှန်းထားတယ်။ ဒါကတော့ မနက်ဖြန် နောက်ဆုံးကတော့ အားလုံးပြီးပြတ်မယ် မပြီးပြတ်ဘူး။ ရက်ဆက်မယ်။ မဆက်ဘူး 
သို့မဟုတ် ဘယ်နားကတော့ ကျန်မယ် မကျန်ဘူးဆိုတာကတော့ မနက်ဖြန်မှာ အမြင်တွေ ထွက်လာတာတွေ ရှိနိုင်ပါတယ်” ဟု ပြောကြားသည်။
 
NCCT ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မှုန်းက “ဒီနေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ပြီးလို့ရှိရင် အဲဒီ သဘောတူစာချုပ်ကို ဘယ်လို ပူးပေါင်းပြီး အကောင်အထည်ဖော်ကြမလဲ။ ဘယ်လို ဆက်ပြီးတော့ လုပ်ရမလဲဆိုတဲ့ Structure အပိုင်းနဲ့ ပတ်သက်လု့ိ သဘောတူနိုင်ပါတယ်။  အဲဒါက အင်မတန်မှ အရေးကြီးတဲ့အဆင့်လို့ သတ်မှတ်ပါတယ်” ဟု ပြောကြားသည်။
 
သို့ရာတွင် ယခင်ဆွေးနွေးပွဲတွင် အဓိက မပြေလည်မှု ဖြစ်ခဲ့ရသည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စကို မတ် ၁၉ ရက်ဆွေးနွေးပွဲတွင် ပြေလည်မှုရရှိခဲ့ပြီး မတ် ၂ဝ ရက်တွင် ယင်းကိစ္စကို ဆက်လက်ဆွေးနွေးခဲ့သော်လည်း နှစ်ဖက်လက်ခံသည့် အခြေအနေမျိုး မရရှိသေး၍ မတ် ၂၁ ရက် တွင် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent