မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့အား ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်နှစ်လချမှတ်မှုအပေါ် သဘောထားထုတ်ပြန်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တွင် ဆွေးနွေး

မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့အား ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်နှစ်လချမှတ်မှုအပေါ် သဘောထားထုတ်ပြန်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တွင် ဆွေးနွေး
Published 20 March 2015

မြန်မာပို့စ်သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဒုတိယသတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့အား ပုဒ်မ ၅၀၀ (အသရေဖျက်ပုဒ်မ)ဖြင့် ထောင်ဒဏ်နှစ်လချမှတ်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တွင် မတ် ၁၉ ရက်က ကောင်စီအဖွဲ့များတွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ကောင်စီအဖွဲ့များအကြား ဆွေးနွေးမှုအပြီးတွင် ညှိနှိုင်းဖြေရှင်းခြင်းမပြုဘဲ တိုက်ရိုက်တရားစွဲ ထောင်ဒဏ်ချမှတ်မှုအပေါ် သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့ကြောင်းနှင့် အစည်းအဝေးသို့တက်ရောက်နိုင်ခြင်းမရှိသည့် ကောင်စီအဖွဲ့ဝင်များထံသို့လည်း သဘောထားကြေညာချက်မူကြမ်းအား ပေးပို့ထားပြီး မတ် ၂၀ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောကြားသည်။"ကောင်စီက ဖမ်းတာဆီးတာတွေ တရားရုံးမရောက်ခင် ညှိနှိုင်းပေးတဲ့လုပ်ငန်းစဉ်တစ်ခုရှိနေပြီးသားလေ။ အရင်ကတည်းကရှိပြီးသား။ ညှိနှိုင်းဖြေရှင်းရေးကော်မတီပေါ့။ ပြဿနာဖြစ်လို့ရှိရင် ညှိနှိုင်းဖြေရှင်းပေးတာပေါ့။ တရားရုံးမရောက်မီ၊ တရားရုံးမရောက်အောင် ဖြေရှင်းပေးတာပေါ့။ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားတဲ့ သတင်းမီဒီယာဥပဒေထဲမှာလည်း အဲဒီအချက်ကိုထည့်ထားတယ်။ တစ်စုံတစ်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာရှိတယ်လို့ သံသယရှိတယ်ဆိုရင် ပထမဦးစွာအသိပေးတိုင်ကြားနိုင်တယ်လို့ထည့်ထားတယ်။ ဒါကတော့ ပြဿနာမကြီးအောင် ကြားမှာ တရားရုံးမရောက်ခင် ပြေလည်အောင်သေချာထည့်ထားပေးတာပေါ့။ ဒါပေမဲ့ အဲဒီလိုရှိတဲ့ကြားထဲကနေပြီးတော့ အခုလိုတရားတန်းစွဲပြီးတော့ ထောင်ချလိုက်တဲ့အပေါ်မှာ ကောင်စီအနေနဲ့ ဘယ်လိုမှသဘောမတူနိုင်ဘူးလေ။ သို့သော် တရားရေးမဏ္ဍိုင်ကိုပြောရရင် တရားရုံးက စီရင်ဆုံးဖြတ်ပြီးတဲ့ကိစ္စကိုတော့ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့ သဘောမတူကြောင်း ကျွန်တော်တို့ကပြောရမှာပေါ့" ဟု ဦးကျော်မင်းဆွေကပြောကြားသည်။အဆိုပါဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့စွဲဖြင့်ထုတ်ဝေခဲ့သော မြန်မာပို့စ်သတင်းဂျာနယ်အတွဲ (၆)၊ အမှတ်(၅) တွင်ဖော်ပြခဲ့သည့် "ပညာရည်နိမ့်ကျမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင်ပါဝင်နေရခြင်းဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆို" သတင်းနှင့်ပတ်သက်၍ ဦးသန်းထိုက်သူနှင့် ဦးဆန်းမိုးထွန်းတို့အား ပုဒ်မ ၅၀၀ ဖြင့် မွန်ပြည်နယ်လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကြာတရားရင်ဆိုင်ခဲ့ရကာ ၂၀၁၅ ခုနှစ် မတ် ၁၈ ရက်တွင် မော်လမြိုင်မြို့နယ်တရားသူကြီး ဦးသန်းအောင်က ထောင်ဒဏ်နှစ်လချမှတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent