ရန်ကုန်တိုင်းမြို့နယ် ၁၀ ခု၌ မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ မဲစာရင်းကြေညာမည်ဖြစ်၍ ပြည်သူများ သွားရောက်ကြည့်ရှုရန် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

ရန်ကုန်တိုင်းမြို့နယ် ၁၀ ခု၌ မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ မဲစာရင်းကြေညာမည်ဖြစ်၍ ပြည်သူများ သွားရောက်ကြည့်ရှုရန် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
Published 19 March 2015
ကျော်ဇင်ဝင်း

အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးသည့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ ခု၌ မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ မဲစာရင်းကြေညာမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မတ် ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာပေးမည့် မြို့နယ် ၁၀ ခုမှာ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးမည်ဖြစ်သည်။ထိုသို့ သွားရောက်ကြည့်ရှုရာတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေလျှင် ပုံစံ(၄)ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း သိရသည်။သို့ရာတွင် ခေတ္တလာရောက်နေထိုင်သူများ (ဥပမာ အခြားမြို့နယ်တွင် သန်းခေါင်စာရင်းရှိပြီး လက်ရှိမြို့နယ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများ)၏ အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို ပထမအဆင့် အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိ လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ လည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လည်းကောင်း ဆောင်ရွက်မည်ဖြစ်သည်။

Most Read

Most Recent