ဧရာဝတီသပိတ်စစ်ကြောင်းဖြတ်သန်းခဲ့ရာမြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူးများက သပိတ်ဦးဆောင်သူများကို ပုဒ်မ ၁၈ ဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း မတ် ၁၇ ရက်တွင်ရရှိသော ကနဦးသတင်းများအရ သိရသည်။သပိတ်စစ်ကြောင်းဖြတ်သန်းရာ ပုသိမ်မြို့နှင့် ကန်ကြီးဒေါင့်မြို့နယ်များတွင် သပိတ်စစ်ကြောင်းဦးဆောင်သူများဖြစ်သည့် ဦးဝေယံအောင်နှင့် ကိုအောင်ခန့်ဇော်တို့ကို ပုဒ်မ (၁၈)ဖြင့်အမှုဖွင့်ထားပြီး ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့တွင် သပိတ်စစ်ကြောင်းဦးဆောင်သူ ဦးဝေယံအောင်နှင့် ကိုအောင်ခန့်ဇော်တို့အပြင် ဧရာဝတီသပိတ်စစ်ကြောင်း ဝန်းရံကော်မတီတာဝန်ခံ ကိုအောင်အောင်ကျော်ကိုပါ ပုဒ်မ (၁၈) ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။"သပိတ်စစ်ကြောင်းစထွက်တဲ့ ဇန်နဝါရီ ၃ ရက်ကစပြီး မအူပင်မှာနားတဲ့ ဖေဖော်ဝါရီ ၁၁ ရက်အထိ ဖြတ်သန်းခဲ့တဲ့မြို့နယ်တွေက ကျွန်တော်ရယ်၊ ကိုအောင်အောင်ကျော်ရယ်၊ ကိုအောင်ခန့်ဇော်ရယ် သုံးယောက်ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်လိုက်ပါတယ်။ မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးက မအူပင်၊ ပျိုးခင်းသစ်ရုံးက ကိုထိုက်ထိုက်ကို အကြောင်းကြားတာပါ။ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာတော့မရှိသေးဘူး။ အကြမ်းဖက်မှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်ခဲ့တဲ့အတွက် ပုသိမ်နဲ့ မအူပင်မှာ ပုဒ်မ ၁၈ နဲ့ စွဲဆိုထားတာတွေနဲ့မဆိုင်ပါဘူး။ ဒါက နောက်ထပ်သီးခြားစွဲဆိုတာပါ" ဟု ဧရာဝတီစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဆရာဦးဝေယံအောင်ကပြောကြားသည်။ဧရာဝတီသပိတ်စစ်ကြောင်း ဝန်းရံကော်မတီဦးဆောင်သူ ကိုအောင်အောင်ကျော်က "လက်ရှိတရားစွဲဆိုမှုဖြစ်စဉ်တွေကို ကြည့်ရတာမှာ အစိုးရကအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ လုပ်ဆောင်နေတဲ့ပုံဖြစ်နေတယ်။ ပြီးတော့ နိုင်ငံရဲ့ဆုံးဖြတ်နိုင်မှုဟာ ပြည်ထဲရေးဝန်ကြီးရဲ့လက်ထဲမှာလား၊ သမ္မတလက်ထဲမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ကျွန်တော်တို့ကို ဥပဒေအရ တရားစွဲတယ်လို့ဆိုရင် လက်ပံတန်းဖြစ်စဉ်၊ မြို့တော်ခန်းမရှေ့ဖြစ်စဉ်တွေမှာ ပြည်ထဲရေးဌာနကလုပ်ဆောင်ခဲ့တာဟာ ဥပဒေနဲ့ညီရဲ့လား၊ တစ်ဖက်ကနေပြန်ပြီးတော့တရားစွဲမယ်ဆိုရင် စွဲစရာတွေအများကြီးရှိတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အာမခံချက်ပေးနိုင်တဲ့တာဝန်ယူမှု၊ တာဝန်ခံမှုပေးနိုင်တာဘယ်သူလဲ၊ အချုပ်အခြာအာဏာဟာ ဘယ်သူ့လက်ထဲမှာရောက်နေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကျွန်တော့်ကို ပုဒ်မ(၁၈)နဲ့ တရားစွဲတဲ့အပေါ်မှာတော့ ဘာမှပြန်မဖြေရှင်းချင်ဘူး။ ဥပဒေနဲ့ညီပါတယ်ဆိုရင် ဥပဒေအတိုင်းကိုလိုက်ဖို့လိုပါတယ်" ဟုပြောကြားသည်။ကျောင်းသားများဘက်မှ အလံမီးရှို့ခြင်းနှင့် ဖျက်ဆီးအကြမ်းဖက်မှုများမပြုလုပ်လျှင် ဧရာဝတီတိုင်းအတွင်း အရေးယူမှု၊ အနှောင့်အယှက်များမဖြစ်စေရန် တာဝန်ယူကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အကြီးအကဲများက ကတိပေးထားပြီးနောက် ထိုသို့အမှုဖွင့်အရေးယူမှုများရှိလာခြင်းနှင့် အမှုဖွင့်ထားသည့်မြို့နယ်များကို အတည်ပြုနိုင်ရန် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်နိုင်သူထံဆက်သွယ်ခဲ့ရာ အစည်းအဝေးသို့ရောက်ရှိနေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။"ကျောင်းသားတွေဘက်ကတော့ အခုအချိန်အထိ လေးပွင့်ဆိုင်ကတိကဝတ်တွေကို လုံးဝမချိုးဖောက်ဘူး။ သူတို့ကပဲစပြီး လေးပွင့်ဆိုင်ကတိကဝတ်တွေကို ကျောင်းသားတွေကချိုးဖောက်တဲ့အတွက် ဒီကတိကဝတ်တွေ ပျက်ပြယ်သွားပြီဆိုတဲ့ သတင်းလွှင့်မှုမျိုးကို ဦးရဲထွဋ်ဘက်က အသံလွှင့်ခဲ့တယ်။ ပြီးတော့ အခုလိုအစိုးရဘက်က အရေးမယူပါဘူးဆိုတဲ့ လေးပွင့်ဆိုင်ကတိကဝတ်ကိုချိုးဖောက်ပြီး အရေးယူမှုတွေရှိလာတယ်။ ကျောင်းသားတွေဘက်မှာ ရိုးသားမှု၊ ယုံကြည်မှုနဲ့ခရီးဆက်နေတယ်။ နောက်ဆက်တွဲဖြစ်ရပ်တွေအကုန်လုံးမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးရော၊ ဆက်လက်ဖြစ်ပေါ်လာမယ့်ကိစ္စတွေ အကုန်လုံးက အစိုးရရဲ့စတင်ဖန်တီးမှုကြောင့်သာဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရကတာဝန်ယူရမှာပါ" ဟု ဦးဝေယံအောင်က ဆက်လက်ပြောကြားသည်။ဧရာဝတီသပိတ်စစ်ကြောင်းအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေမည်ဖြစ်ပြီး ကတိကဝတ်များကို အစိုးရဘက်မှ တည်တည်မြဲမြဲနှင့် ဥပဒေပြီးဆုံးအောင်ရေးဆွဲနိုင်ခြင်းမရှိခဲ့ပါက ကျောင်းသားထု၏ ညီညွတ်သည့်အင်အားဖြင့် အမျိုးသားပညာရေးဥပဒေအောင်မြင်နိုင်ရန် ဖိအားပေးသွားမည်ဟု ဆုံးဖြတ်ထားကြောင်း ဧရာဝတီစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဆရာဦးဝေယံအောင်ကပြောကြားသည်။
ဧရာဝတီသပိတ်စစ်ကြောင်းဖြတ်သန်းရာမြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူးများက သပိတ်ဦးဆောင်သူများကို ပုဒ်မ ၁၈ ဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း သိရ