တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျမှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးပြီးနောက် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် ဒုံးကျည်များ တပ်စွဲချထား

တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျမှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးပြီးနောက် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် ဒုံးကျည်များ တပ်စွဲချထား
Published 17 March 2015

တရုတ်နိုင်ငံတွင်း ဗုံးဆန်ကျမှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးပြီးနောက် တရုတ်တပ်နှင့် လေတပ်တို့က မြန်မာ-တရုတ်နယ်စပ်အနီးတွင်တည်ရှိသည့် Lincang မြို့သို့ တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် ဒုံးကျည်များကို မတ် ၁၅ ရက်က တပ်စွဲချထားခဲ့ကြောင်း Sina Weibo အကောင့် "guo  gan zui xin zhan kuang'' ကိုကိုးကားပြီး en.people.cn ဝက်ဘ်ဆိုက်တွင် မတ် ၁၇ ရက်ကဖော်ပြခဲ့သည်။တစ်ချိန်တည်းမှာပင် Lincang မြို့ အစိုးရက နယ်စပ်တစ်လျှောက်ရှိနေအိမ်များအား တရုတ်နိုင်ငံအလံများကို မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက် စိုက်ထူထားရန်ပြောကြားခဲ့သည်။မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်အဖွဲ့များနှင့်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတုကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့မှုဖြစ်စဉ်အပြီး ယခုကဲ့သို့ တရုတ်တပ်နှင့် လေတပ်တို့က မြန်မာ-တရုတ်နယ်စပ်အနီးတွင်တည်ရှိသည့် Lincang မြို့သို့ တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် ဒုံးကျည်များကို မတ် ၁၅ ရက်က စေလွှတ်တပ်စွဲချထားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားငါးဦး၏အလောင်းအား မတ် ၁၄ ရက်က မီးသင်္ဂြိုဟ်ခဲ့သည်။ Lincang မြို့အစိုးရက အသုဘစရိတ်အဖြစ် မိသားစုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၃၂၀၀ ကိုပေးအပ်ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် လေကြောင်းကင်းလှည့်မှုကိုတိုးမြှင့်ရန် တိုက်ခိုက်ရေးဂျက်လေယာဉ်အများအပြားကို စေလွှတ်ချထားကြောင်း တရုတ်လေတပ်က မတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွင်းသို့ လမ်းလွဲရောက်ရှိလာသည့် လူသေဆုံးစေသော နောက်ထပ်ပစ်ခတ်မှုများဖြစ်ပေါ်လာမည်ဆိုပါက တရုတ်စစ်တပ်သည် ၎င်းတို့၏ပြည်သူများလုံခြုံရေးအတွက် ကာကွယ်ရန် တင်းမာပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရလိမ့်မည်ဟု တရုတ်ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းက မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံအား ရာဇသံပေးခဲ့သည်။တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျေးရွာအနီးကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဗုံးဆန်ကျရောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent