အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ညှိနှိုင်းမှုဆွေးနွေးပွဲကို မတ် ၁၇ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ စတင်ကျင်းပလျက်ရှိပြီး ယခုဆွေးနွေးပွဲတွင် အပစ်ရပ်မူကြမ်းပါအချက်များအားလုံး အပြီးသတ်သဘောတူညီမှုရရှိအောင် ကြိုးစားမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ဆွေးနွေးပွဲအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ယခုဆွေးနွေးပွဲတွင် UPWC နှင့် NCCT နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ စုံလင်စွာတက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို နောင်အစိုးရတက်လာသည့်အခါတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်လက်ဆင့်ကမ်းသွားနိုင်ရန်၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများစတင်မည်ဆိုသည့် အချက်သုံးချက်အတွက် ရည်မှန်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးအောင်မင်းကပြောကြားသည်။လက်ရှိအပစ်ရပ်မူကြမ်းတွင် အပစ်အခတ်ရပ်စဲရေး ခိုင်ခံ့ရေးအတွက် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို ပူးတွဲကမကထပြုရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့စည်းရေးကိုလည်း သဘောတူထားပြီးဖြစ်ကြောင်း၊ ယင်းအချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးကြီးသောအကောင်အထည်ဖော်မှုများ ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ဝန်ကြီးဦးအောင်မင်းက "လက်ရှိညှိနှိုင်းမှုအပေါ် လူထုကလည်း စိတ်ဝင်စားနေကြပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်မှာ ဘာတွေပါလဲ ဘယ်လိုအကျိုးသက်ရောက်မှာလဲဆိုတာတွေကို သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလဲမေးနေကြတာတွေရှိပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ပြောနေကြပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးပြီးတာနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ်ဆွေးနွေးတဲ့အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်လုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ UPWC အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဆွေးနွေးပွဲမှာလည်း NCA ညှိနှိုင်းမှုအားလုံးပြီးပြတ်သွားအောင် ကြိုးစားသွားဖို့ ရည်မှန်းထားကြောင်း အားလုံးကိုအသိပေးရင်း နိဂုံးချုပ်ပါတယ်" ဟုပြောကြားသည်။၂၀၁၄ ခုနှစ် စက်တင်ဘာလဆွေးနွေးပွဲတွင် အမြင်သဘောထားကွဲလွဲခဲ့ကြရာမှ ခြောက်လနီးပါး တရားဝင်ဆွေးနွေးမှုပြတ်တောက်ခဲ့ရပြီး ယင်းကာလအတွင်း လက်နက်ကိုင်တိုက်ပွဲများ ဒေသအနှံ့အပြားတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်ပျက်ပြားစေခဲ့ကြောင်း၊ ယင်းအခြေအနေများကို အချိန်မီမထိန်းသိမ်းနိုင်ပါက အချင်းချင်းအကြား ယုံကြည်မှုပိုမိုပျက်ပြားလာမည်ဖြစ်သောကြောင့် အမြန်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးအပစ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းရန် UPWC နှင့် NCCT အဖွဲ့ဝင်များတွင် အထူးတာဝန်ရှိသည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကပြောကြားသည်။ဦးနိုင်ဟံသာက "ကျွန်တော်တို့ NCCT အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို မိမိတို့အတွင်း အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာ အစိုးရနဲ့ အပေးအယူတည့်ပါက အပြီးသတ်သဘောတူညီချက်ရယူရန် အဆင်သင့်ရှိပါတယ်" ဟုပြောကြားသည်။"တိုင်းရင်းသားအချင်းချင်းအကြား ယုံကြည်မှုပျက်ပြားပြီး အမုန်းတရားတွေ ပိုပြီးကြီးမားခိုင်မြဲသွားရင် ဖြေရှင်းရန်မလွယ်တဲ့အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ခေတ်ကာလမှာ မိမိတို့တာဝန်ယူနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းကို ပြီးမြောက်အောင် မြင်အောင် ကြိုးပမ်းတည်ဆောက်ကြပါစို့" ဟု ဦးနိုင်ဟံသာက ဆက်လက်ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများက ငြိမ်းချမ်းရေးအပေါ် သံသယစိတ်များ၊ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဝိုင်းဝန်းကြိုးစားနေချိန်တွင် အချို့နေရာဒေသများတွင် ဝမ်းနည်းစရာဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝမ်းနည်းစရာဖြစ်စဉ်များပေါ်ပေါက်လာရန် အကြောင်းအရင်းခံအမျိုးမျိုးရှိနိုင်သော်လည်း နှစ်ဖက်စလုံးက အဆိုပါဖြစ်စဉ်များအပေါ် သင်ခန်းစာများယူပြီး အလားတူဖြစ်စဉ်များမပေါ်ပေါက်ရေး ဆွေးနွေးကြရန်လိုကြောင်း၊ မည်သည့်အဖွဲ့အစည်းမဆို မိမိအဖွဲ့အစည်း၏အရေးထက် နိုင်ငံတော်နှင့် ပြည်သူများ၏အရေးကို ဦးစားပေးရန်လိုအပ်သည်ဟု ပြောကြားသည်။ဦးသိန်းဇော်က "ကျွန်တော်တို့လွှတ်တော်များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်များကိုအခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် လွှတ်တော်ကနေ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးကြေညာအပ်ပါတယ်။ NCA စာချုပ်ကို အမြန်ဆုံးအတည်ပြုလက်မှတ်ရေးထိုးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများစတင်နိုင်အောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါတယ်" ဟုပြောကြားသည်။NCCT အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းက "ဒီကျန်ရှိနေသေးတဲ့အချက်တွေကို နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်မယ့် သဘောတူညီမှုရရှိနိုင်မယ်လို့ ကျွန်တော်တို့ NCCT က မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ NCCT နဲ့ UPWC ရဲ့ ခုနစ်ကြိမ်မြောက်ဆွေးနွေးညှိနှိုင်းပွဲမှာ အကုန်လုံးသဘောတူညီမှုရရှိနိုင်ဖို့ကိုလည်း ကျွန်တော်တို့ NCCT ကလည်း ပြင်ဆင်မှုလုပ်လာခဲ့ပါတယ်" ဟုပြောကြားသည်။UPWC နှင့် NCCT တို့မှ ကိုယ်စားလှယ်များသည် ယခင်ကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းပါအချက်များ အပြီးသတ်သဘောတူညီမှုရရှိအောင် ကြိုးစားမည်ဟုပြောကြားကာ ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသော်လည်း အပစ်ရပ်မူကြမ်းတွင် သဘောတူညီမှုရရှိပြီးအချက်များကိုပင် ပြန်လည်ဆွေးနွေးခဲ့ရသည့်အခြေအနေများ ရှိခဲ့သည်။
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆွေးနွေးပွဲ ရန်ကုန်မြို့တွင်စတင်ပြုလုပ်နေပြီး ယခုဆွေးနွေးပွဲတွင် အပြီးသတ်သဘောတူညီမှုရရှိအောင် ကြိုးစားမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များပြောကြား