အမျိုးသားလွှတ်တော်တွင် ယနေ့ပြုလုပ်မည့် ပညာရေးဥပဒေကြမ်း ကြားနာပွဲ၌ ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးနှင့် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးမည်ဟု ဒီမိုကရေစီ ပညာရေးကော်မတီ ဆို

အမျိုးသားလွှတ်တော်တွင် ယနေ့ပြုလုပ်မည့် ပညာရေးဥပဒေကြမ်း ကြားနာပွဲ၌ ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးနှင့် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးမည်ဟု ဒီမိုကရေစီ ပညာရေးကော်မတီ ဆို
Published 16 March 2015
သက်မင်း

အမျိုးသားလွှတ်တော်တွင် ယနေ့ပြုလုပ်မည့် အမျိုးသားပညာရေး ဥပဒေကြမ်းအပေါ် ကြားနာပွဲတွင် ဖမ်းဆီးခံရသည့် ကျောင်းသားများအား ပြန်လွှတ်ပေးရေးနှင့် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းနိုင်ရေး ကိစ္စတို့ကို ဆွေးနွေးမည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန်းလင်းက ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူထားသော အချက် ၁၁ ချက်ကိုပင် ဥပဒေ အတည်ဖြစ်လာသောအခါ ပါဝင်ထည့်သွင်းနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဟု ၎င်းက ပြောကြားသည်။“အချက် ၁၁ ချက်ပေါ့။ လေးပွင့်ဆိုင် ဆွေးနွေးပွဲကလည်း သဘောတူထားတယ်။ အဲဒီ အချက်တွေကိုပဲ ထပ်ပြီးပြောမယ်။ နောက်ပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ကိစ္စ၊ ချက်ချင်းပြန်လွှတ်ပေးဖို့ကို လွှတ်တော် အနေနဲ့လည်း ဆောင်ရွက်ပေးဖို့ ပြောမယ်။ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းရေးကိုလည်း ဦးတည်ပြီး ပြောမယ်” ဟု ကိုနန်းလင်းက ပြောကြားသည်။ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှာ ဗကသ၊ တကသ၊ ဗကသ (မြေလတ်) စသည့် ကျောင်းသားသမဂ္ဂ ၃ ခု၊ အဖွဲ့ဝင် ၁၅ ယောက်ဖြင့် ဖွဲ့စည်းထားသော်လည်း လက်ရှိအချိန်တွင် ဗကသမှ ၆ ဦးမှာ ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်မှုကြောင့် ဖမ်းဆီးခံရမှုများ၊ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်နေရသည်။ထို့ကြောင့် ယနေ့ (မတ် ၁၆) တွင် အမျိုးသားလွှတ်တော်၌ ပြုလုပ်မည့် ကြားနာပွဲကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ တကသနှင့်ဗကသ (မြေလတ်) ကျောင်းသား ၉ ဦးသာ တက်ရောက်ဆွေးနွေးနိုင်မည် ဖြစ်သည်။အမျိုးသားလွှတ်တော်တွင် ပြုလုပ်သည့် ယင်းကြားနာပွဲကို မတ် ၅ ရက်ကလည်း ကျောင်းသားခေါင်းဆောင်များက တက်ရောက်ခဲ့သေးသည်။ သို့သော် ယင်းအချိန်က လက်ပံတန်းမြို့တွင် ရောက်ရှိနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ဗကသကျောင်းသား ၆ ဦးမှာ ပိတ်မိနေသောကြောင့် ဆွေးနွေးပွဲလာသည့် တကသနှင့် ဗကသ (မြေလတ်) ကျောင်းသား ၉ ဦးမှာလည်း ကျောင်းသားအားလုံး မစုံညီသဖြင့် မတတ်ရောက်နိုင်ကြောင်း လွှတ်တော်သို့ သွားရောက်ပြောကြားခဲ့ခြင်းသာ ဖြစ်သည်။သို့သော် ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ပြီးသည့် နောက်နေ့ မတ်လ ၁၁ ရက်တွင်တော့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျန်ကျောင်းသား ၉ ဦးမှာ ဆွေးနွေးပွဲ ပြန်တက်မည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံ ကျောင်းသားများအား ပြန်လွှတ်ပေးရန် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောကြားခဲ့သည်။

Most Read

Most Recent