ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ နေပြည်တော်၌ တွေ့ဆုံ

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ နေပြည်တော်၌ တွေ့ဆုံ
Published 15 March 2015
နေရိုင်း၊ ကျော်မျိုး

ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် အဖွဲ့ဝင်များနှင့်  မတ် ၁၅ ရက်တွင် နေပြည်တော် MICC-2 ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့၌ပြုလုပ်မည့် NCA ဆွေးနွေးပွဲတွင် မည်သို့အောင်မြင်အောင် လုပ်ဆောင်မည် စသည့်အချက်များကို အဓိကထားကာ သဘောထားဖလှယ်ကြခြင်း ဖြစ်ပြီး ပဋိပက္ခလျှော့ချရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုရရှိရေးအတွက် နှစ်ဖက်သဘောထား အမြင်များကို ဖလှယ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကလည်း အခုလိုပဲငြိမ်းချမ်းရေးရအောင် ကြိုးပမ်းကြတယ်။ ပြီးရင်ပျက်သွားကြတယ်။ ပြန်ကမ်းလှမ်းတယ်။ ပြီးရင်ပြန်ပျက်တယ်။ အဲဒီသံသရာလည်နေတာ အားလုံးသိပြီး ဖြစ်ပါတယ်။ အခြေအနေကောင်းတစ်ခုကို ရရှိအောင် ကြိုးစားရတာ ခက်ခဲသလောက် ပြန်ပျက်သွားဖို့က လွယ်ပါတယ်။ ငြိမ်းချမ်းရေးပျက်သွားရင် အများဆုံးခံစားရတာ မြေစာပင်ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီခေတ်မှာက ကိုင်တွယ်အသုံးပြုတဲ့ လက်နက်တွေက လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ဘယ်သူက မှားတာမှန်တာနောက် လောလောဆယ် ဒုက္ခရောက်တာ ပြည်သူတွေဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ ပြောချင်တာက စိတ်ရှည်စေချင်ပါတယ်။ သည်းခံစေချင်၊ အလျှော့အတင်းတွေ ရှိစေချင်၊ ရေရှည်မျှော်ကိုး ကြည့်စေချင်ပါတယ်။ အခုဆိုရင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက ငြိမ်းချမ်းရေးအစဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုက လက်တစ်ကမ်းမှာ ရှိတယ်လို့ ပြောနိုင်ပါပြီ။ ရှေ့ဆက်တစ်လှမ်းနှစ်လှမ်း လှမ်းနိုင်ကြမယ်ဆိုရင် ထာဝစဉ်ငြိမ်းချမ်းရေးရဲ့အစ၊ ငြိမ်းချမ်းရေးတစ်ဘဝကို ရမှာဖြစ်တဲ့အတွက် အခုလက်ရှိ အခွင့်အရေးတွေကို မရရအောင် မလွတ်စတမ်း ယူဆောင်သွားကြပါလို့ ပြောကြားချင်ပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

မတ် ၁၅ ရက်က ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ်
ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “အဓိက ဆက်လက်ပြီးဆောင်ရွက်မယ့် NCA မှာ ဘယ်လိုလုပ်ပြီးမှ အောင်မြင်အောင် လုပ်ဆောင်ကြမလဲ ဆိုတဲ့အပိုင်းကို အဓိကထားပြီး သဘောထားခြင်း ဖလှယ်ကြတာ ဖြစ်ပါတယ်။ သဘောတူညီချက်ကတော့ အချက်အလက်ပေါ်မှာ မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ အောင်မြင်ဖို့ လိုအပ်တယ်။ နှစ်ဖက်စလုံး အောင်မြင်အောင် ကြိုးစားကြမယ်ဆိုတဲ့ သဘောထားကို ဖလှယ်ကြတာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ ကွင်းဆက်ပေါ်မှာ အဓိကရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခေါက်တိုင်းမှာ NCA ကို အောင်မြင်အောင်ပေါ့။ ပြီးတော့ ကျွန်တော့်တို့နိုင်ငံထဲမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ အခုရွေးကောက်ပွဲ အခြေအနေတွေ အချိန်မီအောင် ကြိုးစားကြမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ ကျွန်တော်တို့က ခုနစ်ကြိမ်မြောက် မှာ အောင်မြင်အောင် ကြိုးစားကြဆိုတဲ့ ခံယူချက်ကို အဓိကဖလှယ်ကြတာ ဖြစ်ပါတယ်။ လောက်ကိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေဟာ တစ်နိုင်ငံလုံးရဲ့ ပရော့ဂျက်ထိခိုက်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ ဖြစ်တဲ့ကိစ္စတွေ အကုန်လုံးကို ဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုစားစေချင်ပါတယ်။ အဲဒါကေအိုင်အိုရဲ့ ဆန္ဒဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဗိုလ်ချုပ်ဂွမ်မော်က ကေအိုင်အေနှင့် မြန်မာ့တပ်မတော်ကြား သီးခြားတွေ့ဆုံရန် မရှိသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်မူ တွေ့ဆုံရန် တောင်းဆိုထားကြောင်း ပြောကြားသည်။
“တပ်ပိုင်းဆိုင်ရာရယ်လို့ သီးခြားတွေ့စရာမရှိပါဘူး။ တကယ်လို့ တပ်ပိုင်းခေါင်းဆောင်တွေက အချိန်ရတယ်ဆိုရင် တွေ့ချင်ပါတယ်။ အချိန်ရရင် တွေ့ချင်တယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “UPWC အစည်းအဝေးကို အသွားမှာ ဝင်လာတာ။ ဝင်လာတဲ့အခါမှာ အဲဒီအစည်းအဝေးကို အောင်မြင်အောင် လုပ်မယ်လို့ ကတိပေးထားတယ်။ ကေအိုင်အိုရယ် ကေအိုင်အေရယ် ပြည်ထောင်စုနေ့ သဘောထား ထုတ်ပြန်ချက် ရပ်တည်ချက်ထဲမှာ အဲဒီသဘောထားတွေ အကုန်ပါပြီးဖြစ်တယ်။ အဲဒီသဘောထားတွေကို ဒီမှာပြန်ပြီး တကယ်လုပ်မယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုတာ ဒီမှာလာပြီး လူကြီးတွေကို ရှင်းလင်းပြတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ရန်ကုန်မှာ လုပ်မယ့်ပွဲ အခြေအနေတော်တော် ကောင်းသွားနိုင်တယ်။ ဒီမှာလည်း ကတိပေးပြီးသွားပြီ။ တိုက်ပွဲတွေလျှော့ချဖို့။ ပဋိပက္ခတွေ လျှော့ချဖို့ဆိုတာလည်း ထည့်ပြီးဆွေးနွေးကြတယ်။ အဓိက,က အဲဒါပဲ” ဟု ပြောကြားသည်။
            

Most Read

Most Recent