ဖမ်းဆီးခံထားရသောကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ပြောကြား

ဖမ်းဆီးခံထားရသောကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ပြောကြား
Published 13 March 2015

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသောကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်က မတ် ၁၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။"ဒေသခံအာဏာပိုင်တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ခြင်းအပေါ် အလွန်အမင်းစိုးရိမ်မိပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ကျောင်းသားတွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါဝင်ပါတယ်။ မဖြိုးဖြိုးအောင်ဟာ Bush Institue ရဲ့ Liberty and Leadership Forum ကို တက်ရောက်ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ ပညာရေးပြောင်းလဲဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားနေသူတစ်ဦးပါ။ မဖြိုးဖြိုးအောင်လိုပါပဲ အခြားဖမ်းဆီးထိန်းသိမ်းခံရသူများစွာဟာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကိုထောက်ခံပြီး ပိုမိုပွင့်လင်းပြီး တာဝန်ယူမှုပိုရှိတဲ့ ပညာရေးစနစ်ရရှိအောင် တောင်းဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေပါပဲ။ ပညာရေးဟာ နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ကောင်းမွန်မှုတွေအတွက် အဓိကအရေးပါတဲ့အရာတစ်ခုပါပဲ။ ဒီလိုဖမ်းဆီးခံထားရသူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ကပြောကြားသည်။မတ် ၁၀ ရက်က လက်ပံတန်းမြို့ ပင်မကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ရန်ကုန်မြို့ လှည်းတန်းရှိ ကျောင်းသားသပိတ်အားထောက်ခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှကန့်ကွက်ကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်။

Most Read

Most Recent