ထမင်းကြမ်းခဲကို ထားခဲ့ပါ

ထမင်းကြမ်းခဲကို ထားခဲ့ပါ
Published 13 March 2015
အေသင်ဇော်ဇော်

ကလေးဘဝတုန်းက အတန်းထဲမှာ ကိုယ့်အတန်းဖော်ထက် တစ်မှတ်လောက်သာပြီး ပထမဆုရတာကို အကြီးအကျယ် ပျော်ခဲ့ဖူးတယ်။ ပျော်တာတောင် လွတ်လွတ်လပ်လပ်ဆို သိပ်အရသာမရှိဘူး။ သူများကို နည်းနည်းလေး ထိခိုက်လိုက်ရမှ။ အခုပြန်တွေးတော့ အဲဒါတွေက ဘာမှမဟုတ်တော့ဘူး။ကျွန်တော်တို့ ဘဝတွေမှာ အဲဒီလိုအဖြစ်အပျက်တွေ အများကြီးပဲ။ ဘာမှကို မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရတာတွေ။ ပထမဆု မရလို့ဆိုပြီး အိမ်က ရိုက်တာခံရတဲ့အဖြစ်ကို အခုထိ မှတ်မိနေတုန်း။ ဘာတွေမှန်းမသိဘူး။ အဲဒီတုန်းက အတန်းထဲမှာ ပထမဆုရတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းက အခုနယ်မှာ ခြံလုပ်နေတယ်။ ကျွန်တော်လည်း ဒီလိုအဆင်ပြေသလိုပဲ။ ပြောချင်တာက ကျွန်တော်တို့ နှစ်ယောက်စလုံး ဒီလိုပဲ။တချို့အိမ်တွေဆို ကလေးတွေ ပထမဆုရတာ၊ ဒုတိယဆုရတာကို အကြောင်းပြုပြီး စကားများ၊ ရန်ဖြစ်၊ ပဋိပက္ခတွေ ဖြစ်ကြတယ်။ အဲဒီအချိန်က နယ်မှာ စာသင်ရတာက ထိထိမိမိ မဟုတ်ဘူး။ ရန်ကုန်က ကလေးတွေနဲ့ယှဉ်ရင် အစစအရာရာ အားနည်းတယ်။ ဒါပေမဲ့ အဲဒီတုန်းက အဲဒီထမင်းကြမ်းခဲလေးကိုပဲ ကျွန်တော်တို့ လုယက်စားခဲ့ကြတယ်။ ကျွန်တော်တို့အတွက် ယှဉ်ပြိုင်ရဲတဲ့ အလေ့အကျင့်လေး နည်းနည်းရခဲ့တာကတော့ အမြတ်လို့ဆိုနိုင်ပေမယ့် လူကြီးတွေကြား အချင်းများရလောက်တဲ့အထိ ငယ်ငယ်ရွယ်ရွယ် ကျောင်းနေဖော်သူငယ်ချင်းတွေကြား မလိုတမာစိတ်ဖြစ်ရတဲ့အထိ လုစားခဲ့ရတဲ့ ထမင်းကြမ်းခဲကို ကျွန်တော် မုန်းမိနေတုန်းပဲ။အဲလိုဆိုတော့ အခုကော ကျွန်တော်တို့တွေ အဲဒီထမင်းကြမ်းခဲတွေကို ထားခဲ့နိုင်ပြီလား။ ဆက်ပြီး လုစားနေကြသေးလား။ သေချာတာပေါ့။ ကျွန်တော်တို့ အများစုက လုစားနေတုန်းပဲ။ အလုပ်မှာ ဘာမှန်းမသိ၊ ညာမှန်းမသိ အခွင့်အရေး ပိုရချင်ကြတယ်။ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်ပြီး အလှမ်းဝေးဆဲဖြစ်နေတဲ့ ပညာရပ်၊ ဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေး လိုအပ်ချက်တစ်ခုခုကို မီအောင်ဖြည့်ဆည်းဖို့ စိတ်ဝင်စားမှု အားနည်းပေမယ့် ကိုယ့်အလုပ်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာတော့ အသာစီးရဖို့ ထမင်းကြမ်းခဲတွေ လုစားကြတယ်။ကိုယ်မမီတဲ့နေရာက ဘယ်သူတွေ ဘာပဲစားနေစားနေ၊ ဘာပဲသောက်နေ သောက်နေ ရောက်အောင် မသွားချင်ကြတော့ဘူး။ ဒီနေရာလေးမှာပဲ နေရာလုနေကြတယ်။ယှဉ်ပြိုင်တယ်ဆိုတာ ယှဉ်ပြိုင်သင့်တဲ့အရာကို ယှဉ်ပြိုင်မှ ကျက်သရေရှိတာ။ မယှဉ်ပြိုင်သင့်တာ ယှဉ်ပြိုင်လို့ကတော့ ဘာပြောကောင်းမလဲ။ ဘာမှပြောမကောင်းဘူး။ အချောင်ခိုတာ ပြိုင်မယ်။ အမြတ်ထုတ်တာ ပြိုင်မယ်။ မတန်ဘဲ နေရာလုတာပြိုင်မယ်။ ကိုယ့်ပတ်ဝန်းကျင်လေးရဲ့ကောင်းကျိုး၊ ကိုယ့်အလုပ်ရဲ့ဂုဏ်သိက္ခာအတွက် အနစ်နာခံ လုပ်ဆောင်ဖို့မတွေးဘဲ ကိုယ်ဘယ်လောက် အသာစီးနေရတယ်ဆိုတာ ပြိုင်မယ်။ ဘာတစ်ခုမှ ပြောမကောင်းတော့ဘူး။ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ စာအုပ်လေး။ ကမ္ဘာကျော်စာရေးဆရာ ဒေါက်တာ ဆဖင်စာဂျွန်ဆင် (Dr. Spencer Johnson) ရဲ့ Who moved my cheese၊ (ငါ့ဒိန်ခဲ ဘယ်သူ ရွှေ့တာလဲ)။ ဘဝမှာ မဖြစ်မနေကြုံတွေ့ရမယ့် အပြောင်းအလဲတွေကို ခံယူနိုင်ဖို့ ရေးသားထားတဲ့ စာအုပ်လေး။ အဲဒီထဲက စာသားလေးတစ်ကြောင်းကို အမြဲအမှတ်ရနေတယ်။ “ဒိန်ခဲအဟောင်းတွေကို သံယောဇဉ်ဖြတ်နိုင်တာ မြန်လေလေ ဒိန်ခဲအသစ်တွေ စားရဖို့ နီးလေလေ” တဲ့။ သူက ဒိန်ခဲနဲ့ပတ်သက်တဲ့ ပုံပြင်လေးကို အခြေခံရေးထားတော့ ဒိန်ခဲပေါ့။ ကျွန်တော်လည်း ပြောချင်တယ်။ “ညစ်ပတ်နေတဲ့ ခွက်ထဲက ထမင်းကြမ်းခဲကို လုစားဖို့ချည်း အားထုတ်မနေပါနဲ့” လို့။
မမျှတဘူးလို့ လူတွေအားလုံး ခံစားမိနေကြတဲ့ ကမ္ဘာမှာ မျှတတဲ့အရာလေးတွေ ရှိနေတတ်တယ်။ ယုံကြည်ချက်ဟာ အသက်ပဲ။ ကလိမ်ကကျစ် ယုံကြည်ချက်နဲ့တော့ အသက်ရှင်ဖို့ မကြိုးစားနဲ့ . . . . .

လူတစ်ယောက်ဟာ ရောင့်ရဲတတ်ရမယ်။ အဲဒီနည်းတူ မှန်ကန်တဲ့ နည်းလမ်းနဲ့ အမြင့်ရောက်အောင် အားထုတ်နိုင်ဖို့လည်း လိုတယ်။ ရောင့်ရဲတာဟာ ပျင်းရိတာ မဟုတ်သလို အမြင့်ရောက်ချင်တာဟာလည်း နှလုံးသွင်းမှန်ရင် သူတစ်ပါးကို ကျော်ခွတာမဟုတ်ဘူး။ ရောင့်ရဲဖို့အတွက် သတ္တိရှိရတယ်။ အမြင့်ရောက်အောင် ကြိုးစားဖို့အတွက်လည်း သတ္တိရှိရတယ်။ သတ္တိဆိုတာ တိုက်ရဲခိုက်ရဲတာကို မဆိုလိုဘူး။ ကျွန်တော်တို့တွေ ကိုယ်ယုံကြည်တာအတွက် ဘယ်လောက်ပေးဆပ်နိုင်လဲ။ ဘယ်လောက် သည်းခံကြိုးကုတ်နိုင်စွမ်းရှိလဲ။ ဒါဟာ သတ္တိပဲ။ အချင်းချင်း ထမင်းကြမ်းခဲကို လုစားဖို့ အာသာရှိနေတဲ့ သတ္တိလောက်နဲ့တော့ ရောင့်ရဲတဲ့သူစစ်စစ်လည်း မဖြစ်ဘူး။ အမြင့်ရောက်ချင်တဲ့သူ စစ်စစ်လည်း မဖြစ်ဘူး။မမျှတဘူးလို့ လူတွေအားလုံး ခံစားမိနေကြတဲ့ ကမ္ဘာမှာ မျှတတဲ့အရာလေးတွေ ရှိနေတတ်တယ်။ ယုံကြည်ချက်ဟာ အသက်ပဲ။ ကလိမ်ကကျစ် ယုံကြည်ချက်နဲ့တော့ အသက်ရှင်ဖို့ မကြိုးစားနဲ့။ ကိုယ့်အသက်ဟာ ကလိမ်ကကျစ်အသက် ဖြစ်သွားလိမ့်မယ်။ ကျော်မတက်ချင်နဲ့။ တစ်ဆင့်ချင်းကျော် ဖြတ်ရမှရမယ်။ ကိုယ့်မိသားစုမှာ ကိုယ်ဟာ ဘယ်လိုလူလဲ။ နောက် ကိုယ့်ပတ်ဝန်းကျင်။ ဒီလိုနဲ့ ကိုယ်နဲ့ မှီတည်သမျှ အလုပ်အကိုင်၊ အပေါင်းအဖော်တွေအပေါ်မှာလည်း ကိုယ်ဟာ ဘယ်လိုရပ်တည်နေတယ်ဆိုတာ ပြန်ဆန်းစစ်။ ထမင်းကြမ်းခဲ လုစားတဲ့သူတွေ စာရင်းထဲက ရုန်းထွက်နိုင်ရင် ဒါဟာ အောင်မြင်မှုပဲ။တစ်နေ့တာ အချိန်လေးမှာ ထမင်းကြမ်းခဲ လုစားတဲ့ပုံစံတွေက မျိုးစုံပဲ။ တစ်ခါတလေ မလိုအပ်ဘဲနဲ့လည်း လုစားကြတာ။ အသိမိတ်ဆွေတွေ သူတို့သားသမီးချင်း လုပ်တဲ့အလုပ်၊ ရတဲ့လစာချင်း ယှဉ်ပြီး သူ့သားက သာသလိုလို၊ သူ့သမီးက သာသလိုလို ကပ်ကြွားကြတာ။ မပြောသာလို့သာ နေရင်နေရမယ်။ ကိုယ့်သားသမီးထက် သူတို့သားသမီး က ပိုတော်ပိုတတ်သယောင်ယောင် လာကြွားနေတဲ့ စကားကို နားထောင်ရတဲ့ ဘယ်မိဘမဆို မျက်နှာပြုံးထားရင်တောင် ရင်ထဲ အဆင်ပြေမှာ မဟုတ်ဘူး။ နားထဲလည်း နားဝင်ပီယံ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲလိုကြွားရတာကို လူတွေက အကျင့်စွဲနေတာ။ပြန်တွေးကြည့်ရအောင်။ ငယ်ငယ်က စာသင်ခန်းထဲမှာ ဆရာမ ရိုက်မယ်ဆိုရင် တခြားသူခံရဖို့ အတန်းဖော်တွေကို အပြစ်ဖို့ခဲ့တာ။ မုန့်စားရတဲ့ကလေးက မုန့်မစားရတဲ့ ကလေးကို နောက်ပြောင်ပြီး စားပြခဲ့တာ။ တစ်ခုခုျကာင်းတာ လုပ်ဖြစ်သွားတဲ့အခါ ကိုယ်လုပ်တာဖြစ်တဲ့အကြောင်း အတင်းလုပြောရင်း ကိုယ်ရည်သွေးခဲ့ကြတာ။ အလုပ်တွေ လုပ်ကြတဲ့အခါ နာမည်ရမယ်လို့ ယူဆရတဲ့အခြေအနေဆို  လုပ်မယ့်သူတွေ များကြတာ။ ကိုယ်ကောင်းတာလေး လုပ်နေတဲ့အခါ ကိုယ့်အထက်ကလူကို မြင်စေချင်တာ။ ဘယ်သူမှ မမြင်တဲ့အခါ ရေသာခိုခဲ့တာ။ တစ်စုံတစ်ယောက် ကိုယ့်ထက်သာသွားမှာကို မလိုလားဘဲ ဖျက်လိုဖျက်ဆီး သွေးထိုးမိခဲ့တာ။ ဒါတွေ အားလုံးဟာ ကိုယ့်ဘဝကို အားသာချက်တွေများ ချန်ရစ်ခဲ့လေသလား။ သေချာပါတယ်။ အဲဒါမျိုးတွေ လုပ်ခဲ့တဲ့သူဆိုရင် စိတ်ဓာတ်နဲ့ အကျင့်မပြောင်းလို့ကတော့ ဘယ်တော့မှ ထမင်းကြမ်းခဲ လုစားခြင်း နေ့ညတွေ နဲ့ အဆက်အသွယ်ပြတ်ခွင့်ရမှာ မဟုတ်ဘူး။ကလေးတစ်ယောက် သူစားနေတဲ့မုန့် သူ့ဘာသာ ပြုတ်ကျတဲ့အခါ တခြားသူတစ်ယောက်ကို လက်ညှိုးထိုးပြီး ငိုတာဟာ မှန်ကန်တဲ့ စွပ်စွဲချက်မဟုတ်ပေမယ့် အပြစ်ရယ်လို့တော့ သတ်မှတ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်အရွယ်နဲ့ မထိုက်တန်တဲ့ လက်ညှိုးထိုး အပြစ်လွှဲချမှု၊ အခွင့်အရေးမျက်နှာပြောင်တိုက် ယူတတ်မှုကိုတော့ ဘယ်သူမှ လက်ခံနိုင်လိမ့်မယ် မထင်ပါ။ဘဝထဲမှာ...အလုပ်ထဲမှာ..မိတ်ဆွေအချင်းချင်းကြားမှာ... ကျွန်တော်တို့ ဘယ်အချိန်ထိ ထမင်းကြမ်းခဲတွေ ဆက်ပြီး လုယက်စားသောက်နေကြဦးမှာလဲ။