မရှိခြင်း၏ အလှတရား

မရှိခြင်း၏ အလှတရား
Published 12 March 2015
ဒေါက်တာခင်မောင်ညို

မရှိတောင့်တ ရှိကြောင့်ကြဟူသော စကားကို ကြားဖူးမှာပါ။မရှိတဲ့အခါ တောင့်တတာကတော့ လူ့သဘာဝပါ။ရှိသောအခါတွင် မိမိပစ္စည်း ကုန်ခန်းသွားမှာကို ပူပန်ကြောင့်ကြရပါသည်။မရှိတဲ့ အလှတရားကို အနုပညာမျက်စိဖြင့် မြင်ကြသည်။ 
■ ဘယ် သူခိုးမှ မလာပါ‘ကိုသီ၊ ဟုတ်မှလည်းလုပ်ပါ’‘တကယ်ပြောတာဗျ။ ကျွန်တော်တို့ တစ်ရွာလုံးမှာ ဘယ်သူမှ အိမ်ကို တံခါးပိတ်မသွားကြဘူး။’ကိုသီမှာ ကျွန်တော့်မိတ်ဆွေ ဖြစ်သည်။ ရွှေဘိုမြောက်ဘက်က ရွာလေးမှာနေကြောင်း ပြောပါသည်။သူတို့ရွာမှာ ဘယ်သွားသွား တံခါးမပိတ်ကြောင်းပြောသည်။‘အကြာကြီးသွားရင်ကော’‘အကြာကြီးလည်း မသွားဘူးဗျ။ သွားလည်း ဘယ်သူမှ တံခါးမပိတ်ကြပါဘူး။ ချမ်းတဲ့အခါ လေတိုက်မှာစိုးလို့ ကဲလားလိုမျိုး ပိတ်တာတော့ ရှိတယ်။ ဒါပေမဲ့ အပြင်သွားလို့တော့ ပိတ်မသွားကြဘူး။’‘သော့ကော မခတ်သွားကြဘူးလား’‘ခတ်စရာသော့မှ မရှိတာ’ကျွန်တော်က ဘီလူးကျွန်းမှာ မိဘများနှင့်အတူ နေသည်။ ညဘက် ကျွန်တော်တို့အိမ်ကို မင်းတုံးကြီးကြီးတွေနှင့် ပိတ်သည်။ ကျွန်တော်ကြားဖူးသလောက် ရန်ကုန်မြို့လယ်နေသူများသည် နေ့နေ့ညည အိမ်ထဲတွင် လူရှိရှိ မရှိရှိ တံခါးကို ပိတ်ထားသည်။ သော့ခတ်ထားသည်။ တံခါးကိုနည်းမျိုးစုံနှင့် ဖွင့်ခိုင်းပြ ထူးဆန်းသောစကားကို ကြားရတော့ မယုံနိုင်အောင်ဖြစ်သည်။‘ဘာဖြစ်လို့လဲ’‘ကိုညိုကလည်းဗျာ၊ အိမ်တွေမှာ ဘာမှ မရှိဘူးလေ၊ ခိုးစရာမှ မရှိတာ၊ တံခါးပိတ်စရာ မလိုဘူးပေါ့’ တဲ့။အင်း မရှိခြင်းသည်လည်း အလှတရားပါလား။ မရှိသော အလှတရား အနေဖြင့် ရှာတွေ့သွားသည်။ နောက် မရှိတဲ့ အလှတရားကတော့ လက်နက်မရှိခြင်းပါပဲ။ 
■ သေနတ်မလိုပါဘူးအင်္ဂလန်မှာ ရောက်နေစဉ်က အံ့ဩမိသည့် အချက်နှစ်ချက် ရှိသည်။ပထမအချက်က ရဲများ သေနတ်မကိုင်ခြင်း ဖြစ်သည်။ သူငယ်ချင်းတွမ်က ‘ဒီမှာ ရဲတွေ သေနတ်မကိုင်ရဘူး။ ကိုင်ဖို့အတွက် အထူးခွင့်ပြုချက် ယူရပါတယ်။ ပါမစ်ရဖို့လည်း ခက်တယ်’ ဟု ပြောပြသည်။‘ဘာဖြစ်လို့လဲ။ လူဆိုးတွေမှာ သေနတ်ပါလာရင်ကော’‘လူဆိုးတွေဟာ ရဲကိုမပစ်ဘူး။ အကြောင်းကတော့ ရဲကိုပစ်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရတတ်တယ်။ နောက်ပြီးတော့ ရဲမှာ သေနတ်မပါဘူးဆိုတာ သူတို့သိတယ်’‘ဒါဆို ရဲက ဘာကိုကိုင်လဲ’‘နံပါတ်တုတ်ပါ။ ကျဉ်စက်ပါတဲ့ နံပါတ်တုတ်ကိုင်တာ များတယ်။ လူဆိုးဟာ ရဲနဲ့ ရင်ဆိုင်တွေ့တဲ့အခါ သူတို့မှာ အန္တရာယ်မရှိဘူးဆိုတာကို သိတဲ့အတွက် ရဲကိုပစ်ခတ်ခြင်း မပြုဘူး။ ဒီတော့ ရဲတွေ မသေဘူးပေါ့’‘ဒါပေမဲ့ အချို့လူဆိုးတွေဆိုတာက အူကြောင်ကြောင်နဲ့လေ၊ သူတို့တစ်တွေ ရူးသွပ်နေရင် ရဲတွေခံရမှာပေါ့။ အမေရိကန်မှာ ဘာတွေ့တွေ့ မည်းမည်းမြင်ရင် ပစ်တာပဲ မဟုတ်လား’‘အမေရိကန်မှာ လူတိုင်းသေနတ်ကိုင်ခွင့် ရှိတယ်။ လူတိုင်းသေနတ်ကိုင်ကြတယ်။ သေနတ်ရှိရင် အန္တရာယ်ပိုကြီးတာပေါ့’ယနေ့ အမေရိကန်တွင် သေနတ်ကိုင်ဖို့ သင့်မသင့်ကို လွှတ်တော်မှာ Debate အတွက် လုပ်နေကြတယ်။ အများစုကတော့ သေနတ်ကိုင်သင့်သည်ဟု လက်ခံသည်။ အမေရိကန်ရှိ သေနတ်အရေအတွက်သည် လူဦးရေထက်ပိုသည်။ ထိုကြောင့် အမေရိကန်တွင် တစ်ယောက်သေနတ်တစ်လက်ထက် ပိုသည်။အင်္ဂလန်မှာ သဘောကျစရာကောင်းသည့် နောက်တစ်ချက်ကတော့ စစ်သားတွေဟာ မြို့ထဲဝင်လာရင် လက်နက်မကိုင်ရခြင်း ဖြစ်သည်။ တစ်မြို့လုံးတွင် ဘယ်သူ့မှာမှ သေနတ်မရှိဟူသော အသိသည် သင့်အားလုံခြုံစေပါသည်။ သို့သော် လူဆိုးများကတော့ ဘယ်မြို့မှာမဆို ရှိတတ်ပါသည်။ အချိန်မတော် လူပြတ်သောလမ်းများကိုတော့ မလိုအပ်ဘဲ မသွားသင့်ပေ။ ဓားသည်လည်း သေနတ်ကဲ့သို့ပင် အန္တရာယ်ရှိပါသည်။ 
■ လူ့ဦးနှောက်‘တကယ်တော့ မရှိခြင်း အလှထဲမှာ လူရဲ့ဦးနှောက်က ပထမရသင့်တယ်’သူငယ်ချင်း ကိုဘသစ်ပြောခြင်း ဖြစ်သည်။ လူ့ဦးနှောက်ကိုကြည့်လျှင် မဖြူမမည်း (Grey Matter) များဖြင့် တည်ဆောက်ထားသည်ဟု ဖတ်ဖူးသည်။ ဘာကြောင့် ဦးနှောက်က လှရတာလဲ’‘ကိုဘသစ်၊ ဦးနှောက်ဆိုတာ မလှပါဘူး’‘ဆိတ်ဦးနှောက်တော့ စားဖူးတယ် မဟုတ်လား’‘စားဖူးပါတယ်။ ဒါပေမဲ့ လူဦးနှောက်ကို ဘယ်သူစားမှာလဲ’‘မင်းပြောတာနဲ့ ငါတောင်ရွံလာပြီ’‘ဒါကိုပြောတာလေ။ ခင်ဗျားက လှတယ်ဆို’‘ငါပြောချင်တာကို မင်းသေသေချာချာ နားထောင်ရင် လူဦးနှောက်ရဲ့အလှကို မြင်လာမှာပါ။ လူရဲ့ဦးနှောက်ဟာ မွေးကတည်းက ဘာအသိဉာဏ်မှ ပါမလာဘူး’‘အသိဉာဏ် ပါမလာတာနဲ့ လှရောလား’‘သူ့အလှက ဘေးဘီက အသိဉာဏ်တွေ အားလုံးကို သိမ်းကျုံးထည့်လို့ ရတယ်။ ဒီလိုထည့်ပြီးရင် မကောင်းတာကို ပြုပြင်လို့ရတယ်။ အသုံးမဝင်တာကို အသုံးဝင်အောင် လုပ်လို့ရတယ်။ တန်ဖိုးမရှိတာကို တန်ဖိုးရှိအောင် လုပ်လို့ရတယ်’‘ဘယ်လိုမျိုးလဲ၊ ကျွန်တော်မရှင်းဘူး’‘လူဦးနှောက်ဆိုတာ ဘာမှမရှိတဲ့ ကွန်တိန်နာ (Container) တစ်လုံးလိုပဲ။ အိတ်ကြီးတစ်လုံးလို့လည်း မှတ်လို့ရတယ်။ အဲဒီထဲမှာ ပစ္စည်းတွေ ထည့်လို့ရတယ်။ အကန့်အသတ်မရှိ ထည့်နိုင်တယ်။ ဖြစ်နိုင်ရင် ဒီအထဲကို ရွှေငွေကျောက်သံပတ္တမြားတွေ ထည့်လို့ရတယ်။ ဒါပေမဲ့ ဒီအိတ်ကြီးထဲကို အချို့က အမှိုက်တွေထည့်တယ်။ အချို့ကလည်း ဖျက်ဆီးပစ်တတ်ကြတယ်’‘အတော် ပဟေဠိဆန်တာပဲ’‘ရှင်းရှင်းလေးပါ။ မင်းတို့တောမှာ နွားလေးတွေမွေးတာ တွေ့ဖူးလား’‘တွေ့ဖူးတာပေါ့။ အချို့က အချင်းကျလာတာကို စောင့်နေတယ်။ အချင်းကို ရေနွေးဖြော သုပ်စားကြတယ်’‘ရွံစရာကြီး၊ ငါပြောချင်တာ အဲဒါမဟုတ်ဘူး။ အချင်းကျတာ မဟုတ်ဘူး။ နွားလေးမွေးလာရင် ဘာလုပ်လဲ၊ မိနစ်ပိုင်းအတွင်း ယိုင်တိယိုင်တိုင်နဲ့ ထလာတယ်။ တော်ကြာထပြေးတော့တာပဲ၊ တစ်နာရီနှစ်နာရီလောက် ကြာရင် နို့ထစို့တော့တာပဲ’‘ဟုတ်ပါတယ်။ ကျွန်တော်နွားတွေမွေးတာကို ကြည့်ဖူးပါတယ်’‘ဒါဆိုရင် မိန်းမတွေကလေးမွေးတာကော တွေ့ဖူးလား’‘ဟာ၊ သွားကြည့်လို့ ဘယ်ဖြစ်ပါ့မလဲ’‘မဟုတ်ဘူးလေ၊ ကလေးမွေးလာရင် ထပြေးလား’‘မပြေးပါဘူး’‘နို့ကော ရှာစို့လား’‘မရှာနိုင်ပါဘူး။ အမေကတိုက်မှပေါ့။ နို့မစို့ရရင်တော့ ငိုနေတာပဲ’‘ဟုတ်တယ်၊ ခြောက်လထိ အမေနို့ပဲ တိုက်ရတယ်လို့ ခုခေတ်ဆေးမှတ်တမ်းတွေက အကြံပြုထားတယ်။ ထားပါတော့ သူဘယ်အခါ လမ်းလျှောက်လဲ’‘တစ်နှစ်လောက်မှာ’‘သူဘာတွေတတ်လဲ’‘ဘာမှ မတတ်သေးဘူး။ ဒါပေမဲ့ တဖြည်းဖြည်း စကားပြောတတ်လာတယ်’‘ကလေးကို မြန်မာတွေကြားထဲထားရင် မြန်မာလိုတတ်တယ်။ အင်္ဂလိပ်ကြားထဲထားရင် အင်္ဂလိပ်လို တတ်တယ်။’‘ဟုတ်ပါတယ်၊ တရုတ်ကလေးဟာ တရုတ်လိုတတ်တယ်၊ ကုလားကလေးဟာ ကုလားလိုတတ်တယ်’‘ဒီကလေးတွေကို အင်္ဂလိပ်ကြားထဲမှာ ထားလိုက်ရင် အင်္ဂလိပ်လိုပဲ ပြောတတ်တော့တယ်။ ဘာဖြစ်လို့လဲ’‘သူကြားနေတာကြောင့် ဖြစ်မှာပေါ့’‘အေး၊ သူကြားတာ သူမှတ်တယ်။ သူ့မှာ သင်ယူနိုင်တဲ့ အရည်အသွေး ရှိတယ်။ လူတွေကို စာသင်ပေးလို့ရတယ်။ ပညာတတ်တွေဖြစ်အောင် ပျိုးထောင်ပေးလို့ရတယ်။ သူလုပ်နိုင်တာတွေ အများကြီးပဲ၊ ဒါကြောင့် လူတွေဟာ ကမ္ဘာကြီးကို လွှမ်းမိုးတာပေါ့’‘ဘာမှ မတတ်သူတွေ အများကြီးပဲနော်’‘မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလုပ်ရင် အများစုဟာ တတ်ကြပါတယ်’‘ဉာဏ်ရည်တော့ ကွာမှာပေ့ါ’‘ကွာတော့ကွာပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံမယ် အချိန်ယူမယ်ဆိုရင် လူတွေရဲ့ဦးနှောက်မှာ ဘာမဆို ထည့်လို့ရတယ်။ ဒါပေမဲ့ အချို့ကတော့ မူးယစ်ဆေးတွေ အရက်တွေနဲ့ ကိုယ့်ဦးနှောက်ကို ကိုယ်ဖျက်ဆီးလိုက်တာပဲ’‘အချို့လည်း မလုပ်တာကြာလာရင် သံချေးတက်တာပေါ့နော်’‘ဟုတ်တယ်။ လူဆိုတာ ထာဝရကျောင်းသားကြီးပါ။ နေ့စဉ်သင်ယူနေရတယ်’‘ဒီနေ့တော့ မင်ပြောတာတွေ ငါသင်ယူလိုက်တာပဲပေါ့ ဟုတ်လား’‘ဟုတ်တယ်လေ။ ခွေးတွေဆိုရင် တစ်ကောင်ဆီက နောက်တစ်ကောင် သင်ယူလို့မှ မရတာဘဲ။ လူတွေဟာ တစ်ယောက်စီကနေတစ်ယောက် သင်ယူရင်းနဲ့ တိုးတက်လာတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ ဦးနှောက်ရှိလို့ပါပဲ။ အဲဒီဦးနှောက်ဟာ ဘာကြောင့်လှတာလဲ သိလား’‘ဗလာ... ဘာမှပါမလာလို့ပေါ့’တန်ဖိုးရှိသောစကား ကြားခဲ့ရပါသည်။ 
နိဂုံး
ကျွန်တော်တို့ အနေဖြင့် ရှိလာသည့်အခါ အလှတရားတွေ ပျက်မှန်းမသိ ပျက်လာကြတယ်။ အထူးသဖြင့် ဥစ္စာပစ္စည်းတွေကို မောင်ပိုင်စီးချင်လာသည်။ ကျွန်တော်တို့ လောဘတက်လာကြသည်။ ရှိရင် ပိုပြီး ရှိချင်လာသည်။ မသင်ချင်ကြတော့ဘူးလား။ ဘာမှမရှိသေးတဲ့ ဦးနှောက်၊ အသိဉာဏ်ကိုတော့ ပိုပြီးကြီးမားအောင် မကြိုးစားချင်ကြဘူး။ မရှိခြင်း၏ အလှတရားကို သဘောပေါက်ကြမည်ဟု ယုံကြည်ပါသည်။