လက်ပံတန်းရှိ ပင်မကျောင်းသား သပိတ်စစ်ကြောင်းအား မတ် ၁၀ ရက်က အကြမ်းဖက်ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိအား မတ် ၁၁ ရက်တွင် Facebook Messenger မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သည်ကို ပြန်လည်ဖော်ပြပါသည်။ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ လုပ်ဆောင်ချက်တွေမှာ စိတ်ခံစားချက်အရ ရန်လိုမှုတချို့ ရှိခဲ့တာ တွေ့ရှိရပါတယ်မေး - လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၂၇ ဦးကို လက်ရှိမှာ ဘယ်လို ဆောင်ရွက်ထားပါသလဲ။ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်မလဲ။ဖြေ - ဖမ်းဆီးထားသူ ၁၂၇ ဦးကို လက်ရှိဥပဒေနဲ့အညီ စိစစ်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ကျောင်းသားအစစ်အမှန်တွေ၊ ကျောင်းသားမဟုတ်သူတွေကိုလည်း ခွဲခြားလျက်ရှိကြောင်း သိရှိရပါတယ်။ စိစစ်မေးမြန်းရရှိချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လောလောဆယ် စိစစ်ဆဲ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ဘယ်လိုအရေးယူမလဲဆိုတာ အတိအကျပြောလို့ မရသေးပါဘူး။မေး - လက်ပံတန်းဖြစ်စဉ်မှာ ပြည်ထဲရေးက တိုက်ရိုက်ကိုင်တွယ်တာ မဟုတ်ဘူးလို့ သတင်းတွေရထားပါတယ်။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာ ဟုတ်ပါသလား။ဖြေ - ချီတက်လမ်းလျှောက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် (၅/၂၀၁၅) ကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ (၁) လေးပွင့်ဆိုင်ဆွေးနွေးတဲ့အခါ သဘောတူညီချက်တွေ ရရှိခဲ့တယ်။ (၂) ရန်ကုန်ကို ချီတက်ခြင်း မပြုဖို့လည်း ပြောကြားထားတယ်။ (၃) သို့သော် ရန်ကုန်ကို ဆက်ပြီး ဦးတည်လှုပ်ရှားနေတယ်။ (၄) မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရန်ကုန်ကို ဝင်ရောက်ခြင်း မပြုဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ် ဆိုတာတွေကို ဖော်ပြထားပါတယ်။ အလားတူ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတိပေးကြေညာချက်မှာ-(၁) အမျိုးသားလွှတ်တော်က NNER နဲ့ ကျောင်းသားတွေတင်သွင်းတဲ့ ဥပဒေကြမ်းကို ဆွေးနွေးမယ့် အစီအစဉ်တွေ ထုတ်ပြန်ထားပြီး ဖြစ်တယ်။ (၂) လွှတ်တော်က ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားဖို့ လိုတယ်။ (၃) ကျောင်းသားတွေက ရန်ကုန်ကို ဆက်သွားဖို့ လုပ်နေတယ်။ အစိုးရက အတတ်နိုင်ဆုံး လိုက်လျောဖြည့်ဆည်း ဆောင်ရွက်ပေးပြီးဖြစ်တယ်။ (၄) ဆန္ဒပြမှုတွေ မရပ်ဆိုင်းဘဲ ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ပညာရေးဥပဒေ ပြင်ဆင်ရာမရောက်ဘဲ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်ရာရောက်မယ်။ (၅) ဆန္ဒပြမှုတွေ ရပ်ပါ။ မရပ်ဘဲ ဆက်လုပ်နေမယ်ဆိုရင် တည်ဆဲဥပဒေများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်ဆိုပြီး ဖော်ပြထားပါတယ်။ပဲခူးတိုင်းဒေသကြီး အစိုးရ အနေနဲ့လည်း ဒီထုတ်ပြန်ချက်တွေနဲ့အညီ အတတ်နိုင်ဆုံး၊ အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းခဲ့ပါတယ်။ ဥပဒေမဲ့ ဆန္ဒပြမှုတွေ မရပ်ဘဲ ဒီလို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ရန်ကုန်မရောက်ခင် တစ်နေရာမဟုတ် တစ်နေရာ ဒီလိုထိပ်တိုက်တွေ့မှု ဖြစ်လာမှာပါပဲ။ ဆန္ဒပြတာဟာ အဖြေမဟုတ်ပါဘူး။ အဖြေရှာနိုင်မယ့် ဆွေးနွေးမှုလမ်းကြောင်းတွေ ပွင့်လာဖို့ ဆန္ဒပြကြတာဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒါပေမဲ့ အဖြေထွက်ဖို့ မဟုတ်ဘဲ ရန်ကုန်ရောက်အောင်သွားဖို့ ဆုံးဖြတ်ထားတဲ့အတွက်၊ ထိပ်တိုက်တွေ့ဆုံရေးကိုပဲ ရွေးချယ်ဆောင်ရွက်နေတဲ့အတွက် ထိပ်တိုက်တွေ့ခဲ့ရတာပါ။ NNER တာဝန်ရှိသူတွေနဲ့ ဆက်လက်ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ပိတ်ဆို့မှုကို ကျောင်းသားတွေက ထိုးဖောက်လာခဲ့ရာက ဒီဖြစ်စဉ်တွေ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။မေး - အစိုးရအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးတွေရဲ့ သားသမီးတွေထဲမှာ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေသူ၊ နိုင်ငံခြားသွားပြီး ပညာသင်ယူနေသူတွေရဲ့ စာရင်းရှိပါသလား။ အရေအတွက် ဘယ်လောက်ရှိပါသလဲ။ဖြေ - အရေအတွက် အတိအကျကတော့ ပြန်လည်စိစစ်ရဦးမှာ ဖြစ်ပါတယ်။ လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။မေး - လက်ပံတန်းဖြစ်စဉ် ကိုင်တွယ်ပုံကို EU၊ အမေရိကန် အပါအဝင် နိုင်ငံတကာကပါ ပြစ်တင်ရှုတ်ချ ဝေဖန်မှုတွေ လုပ်နေပါတယ်။ ဒီအပေါ် ဘယ်လိုဆောင်ရွက်သွားမလဲ။ဖြေ - ကျွန်တော်တို့အနေနဲ့ ဆူးလေဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဆူးလေဖြစ်စဉ်နဲ့ တစ်ဆက်တည်းမှာပဲ လူအုပ်စုတွေ လူစုခွဲရာမှာ အဓိကတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ကပဲ ကိုင်တွယ်ထိန်းသိမ်းဖို့ ပြောထားတာ ရှိပါတယ်။ လက်ပံတန်းဖြစ်စဉ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ယေဘုယျအားဖြင့် သိရှိရပါတယ်။ အမေရိကန်နိုင်ငံ ဖာဂူဆန်အရေးအခင်း၊ OccupyWallstreet, Occupy London၊ အီဂျစ်အရေးအခင်း အစရှိတဲ့ နိုင်ငံတကာ လုပ်ဆောင်ချက်တွေမှာ ဘယ်လိုတွေ ဖြစ်ခဲ့သလဲ သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဆန္ဒပြသူရော၊ ကိုင်တွယ်ထိန်းသိမ်းသူပါ နှစ်ဖက်စလုံးက ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းတွေကို အခုမှစတင် ဆောင်ရွက်ဆဲဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ အခက်အခဲတွေအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။ နောက်အရေးကြီးတာက ‘ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု’ ဥပဒေလေးစားလိုက်နာမှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနိုင်တဲ့ အခြေအနေနဲ့ အလားအလာ၊ လူအုပ်စုတွေ ကိုင်တွယ်ထိန်းသိမ်းမှု အစရှိတဲ့ Peaceful Demonstration နဲ့ ပတ်သက်ပြီး တစ်ခုလုံးမှာ ဆက်နွှယ်ဆက်စပ်နေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အားလုံးပြန်လည်သုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ အမေရိကန်အပါအဝင် ဒီမိုကရက်တစ်နိုင်ငံတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်လို့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ တိတိကျကျ ပြဋ္ဌာန်းထားပါတယ်။ မဖြစ်မနေ လိုက်နာရပါတယ်။ ဒါဟာလည်း နောင်လာမယ့် အစိုးရအဆက်ဆက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ချောမွေ့ညင်သာဖို့အတွက် အထူးပဲ အရေးကြီးပါတယ်။မေး - ဗီဒီယိုဖိုင် မှတ်တမ်းတွေအရ ရဲတွေဟာ သာမန်လူစုခွဲ ဖြိုခွဲတဲ့ ပုံစံထက် လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူတွေ၊ (သက်မဲ့ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်တွေ အပါအဝင်) ထောက်ခံသူတွေကိုပါ အကြမ်းဖက် နှိမ်နင်းဖြိုခွဲဖျက်ဆီးတာတွေကိုပါ တွေ့ရပါတယ်။ ဒီအတွက် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိသလဲ။ဖြေ - ဗီဒီယိုဖိုင် မှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ လုပ်ဆောင်ချက်တွေမှာ စိတ်ခံစားချက်အရ ရန်လိုမှုအချို့ ရှိခဲ့တာ တွေ့ရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီဗီဒီယိုဖိုင်တွေမှာ အခြားသော တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ထိန်းသိမ်းခြင်း၊ အကာအကွယ်ပေးခြင်းတွေ ဆောင်ရွက်ခဲ့တာတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။ လက်ပံတန်းဖြစ်စဉ်မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို ခြုံကြည့်ရင်တော့ သူတို့လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ သို့သော်လည်းပဲ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ ဆောင်ရွက်ချက်တွေမှာတော့ ခုနကလို ဖြစ်ရပ်လေးတွေ ရှိခဲ့တာလည်း မှန်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက Review ပြန်လုပ်နေတယ်လို့ သိရှိရပါတယ်။မေး - ဒုတိယမေးခွန်းကို ထပ်မေးချင်ပါတယ်။ လက်ပံတန်းဖြစ်စဉ်မှာ သမ္မတရုံးက တိုက်ရိုက်ကွပ်ကဲတာ ဟုတ်/မဟုတ် ယတိပြတ်အဖြေမျိုး ရနိုင်ရင် သိချင်ပါတယ်။ဖြေ - သမ္မတရုံး သဘောထားရော၊ အစိုးရသဘောထားပါ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အုပ်ချုပ်ရေးအဆင့်ဆင့် ဆောင်ရွက်ရမှာပါ။
“ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ လုပ်ဆောင်ချက်တွေမှာ စိတ်ခံစားချက်အရ ရန်လိုမှုတချို့ ရှိခဲ့တာ တွေ့ရှိရပါတယ်”