ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဆန္ဒပြကျောင်းသားများအား ဖြိုခွဲဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း

ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဆန္ဒပြကျောင်းသားများအား ဖြိုခွဲဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း
Published 11 March 2015

ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဆန္ဒပြ ကျောင်းသားများအား ဖြိုခွဲဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို မတ် ၁၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အရောက် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရမည်ဖြစ်သည်။အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က တာဝန်ယူမည်ဖြစ်ကာ အဖွဲ့ဝင်အဖြစ် ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်)၊ ဒေါက်တာသန်းအောင် (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)၊ ဦးမြငွေ (ဌာနမှူး-ငြိမ်း) တို့ ပါဝင်မည်ဖြစ်သည်။“ကျျွန်တော်လည်း ဒီမနက် (မတ် ၁၁) မှ သိတယ်။ ဥက္ကဋ္ဌကို ကျွန်တော်ဆက်သွယ်လိုက်တော့ ဥက္ကဋ္ဌက နိုင်ငံခြားရောက်နေတယ်လို့ ပြောနေတယ်ဗျ။ ကျွန်တော်တို့ ဘာမှစလို့ မရသေးဘူး။ ပြန်ရောက်တဲ့ အချိန်ကြမှပဲ တွန်းပြီးတော့ လုပ်ရတော့မှာပဲ။ ကျွန်တော်ကတော့ ဘယ်လိုလုပ်မယ်ဆိုတာ အစီအစဉ်တော့ ဆွဲထားတယ်။ တတ်နိုင်သမျှ စေ့စေ့စုံစုံလေးတော့ ကျွန်တော်တို့ မေးမြန်းစုံစမ်းမှာပါ။ အဲဒီလောက်ပဲ ပြောနိုင်မယ်။ သူလာမှပဲ အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီးတော့ ပြောလို့ရမယ်” ဟု ကော်မရှင်အတွင်းရေးမှူး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေးရန်၊ အဆိုပါဖြစ်စဉ်တွင် တာဝန်အရ အဆင့်ဆင့် ဆောင်ရွက်သူများ၏ လုပ်ဆောင်မှုများသည် လုပ်ထုံးလုပ်နည်းမှန်ကန်မှု ရှိမရှိ စစ်ဆေးရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များတင်ပြရန် စသည့်ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခံခြင်းနှင့် လိုအပ်သည့်နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။

Most Read

Most Recent