တရားရုံးများတွင် အခွင့်အာဏာ အလွဲသုံးစားမှု ရှိ၊ မရှိ အမှုသည်အသွင်ယူ၍ စောင့်ကြပ်ကြည့်ရှု စုံစမ်းဖော်ထုတ် အရေးယူရန် အစီအစဉ် မရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

တရားရုံးများတွင် အခွင့်အာဏာ အလွဲသုံးစားမှု ရှိ၊ မရှိ အမှုသည်အသွင်ယူ၍ စောင့်ကြပ်ကြည့်ရှု စုံစမ်းဖော်ထုတ် အရေးယူရန် အစီအစဉ် မရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 11 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

တရားရုံးများတွင် အခွင့်အာဏာ အလွဲသုံးစားမှု ရှိမရှိ အမှုသည်အသွင်ယူ၍ စောင့်ကြပ်ကြည့်ရှု စုံစမ်းဖော်ထုတ် အရေးယူရန် အစီအစဉ် မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ပြောကြားသည်။မတ် ၁၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမေးမြန်းသည့် “ဥပဒေရုံး၊ တရားရုံးတို့တွင် ဥပဒေကို လက်တစ်လုံးခြားလုပ်မှုနှင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်မှု ပပျောက်စေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အမှုသည်အသွင်ယူ၍ စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် အစီအစဉ် ရှိမရှိ” မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ဦးမြဝင်းက ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ၎င်းဥပဒေပုဒ်မ ၂၁ နှင့် ပုဒ်မ ၄၃ အရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က တာဝန်ပေးအပ်လာလျှင် ဖြစ်စေ၊ ပုဒ်မ ၂၁ အရ နစ်နာသူက တိုင်ကြားလာလျှင် စုံစမ်းစစ်ဆေးပြီး တရားရုံးသို့ တရားစွဲဆိုနိုင်လောက်သည့် သက်သေခံ အထောက်အထား ရရှိပါက တရားစွဲဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ခိုင်လုံသည့် သတင်းအချက်အလက် ရရှိမှသာ စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။“ကျွန်တော်တို့ ကော်မရှင်က ယနေ့အထိ စုံစမ်းစစ်ဆေး တရားစွဲတင်ခဲ့သည့် အမှုများတွင် လာဘ်ယူသည့်ငွေကြေးကို သက်သေခံအဖြစ် သိမ်းဆည်းနိုင်မှုမှာ တစ်မှုသာရှိသော်လည်း ကျန်အမှုများတွင် လာဘ်ငွေအပေးအယူလုပ်စဉ်က အနီးတွင်ရှိနေသည့် မျက်မြင်သက်သေ၊ ပတ်ဝန်းကျင်မှ မြင်တွေ့ကြားသိသက်သေ၊ လာဘ်ပေးသူနှင့် လာဘ်ယူသူတို့၏အကြား အပေးအယူလုပ်ပေးသည့် သက်သေနှင့် စားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးသည်ကို မြင်တွေ့သည့် သက်သေများဖြင့်သာ တရားစွဲဆို အရေးယူပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု ဆိုသည်မှာ မမြင်ကွယ်ရာတွင် ကျူးလွန်လေ့ ရှိသောကြောင့် လက်ပူးလက်ကြပ် ဖမ်းဆီးရမိရန် မလွယ်ကူပါ။ သို့ရာတွင် ဖြစ်စဉ်မှန်ကန်မှု ရှိရန်လိုအပ်ပြီး ယင်းဖြစ်စဉ်ကို မှန်ကန်ကြောင်း ဖော်ထုတ်နိုင်မည့် အထောက်အထား၊ သက်သေတင်ပြနိုင်မှု ရှိပါက စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ပြောကြားသည်။ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ဥပဒေရုံး၊ တရားရုံးအသီးသီးတွင် အမှုသည်အသွင်ယူ၍ စောင့်ကြပ်ကြည့်ရှုပြီး စုံစမ်းဖော်ထုတ် အရေးယူပေးနိုင်ရန် မလွယ်ကူကြောင်း၊ တိုင်ကြားသည့် ကိစ္စရပ် တစ်ခုချင်းအပေါ် မူတည်၍သာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းဖော်ထုတ် အရေးယူသွားနိုင်မည်ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် တရားရုံးများတွင် အခွင့်အာဏာ အလွဲသုံးစားမှု ရှိမရှိ အမှုသည်အသွင်ယူ၍ စောင့်ကြပ်ကြည့်ရှု စုံစမ်းဖော်ထုတ် အရေးယူရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။

Most Read

Most Recent