နေပြည်တော်၌ အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံရန် လိုင်ဇာမှ မြစ်ကြီးနားသို့လာရောက်မည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၏ ခရီးသွားလာရေးအတွက်ညှိနှိုင်းနေ

နေပြည်တော်၌ အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံရန် လိုင်ဇာမှ မြစ်ကြီးနားသို့လာရောက်မည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၏ ခရီးသွားလာရေးအတွက်ညှိနှိုင်းနေ
Published 11 March 2015

ရန်ကုန်မြို့၌ ယခု မတ် ၁၆ ရက်မှ စတင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) မှ ခေါင်းဆောင်များသည် မတ် ၁၂ ရက် သို့မဟုတ် ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရန်စီစဉ်ထားရာ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသမှ မြစ်ကြီးနားမြို့သို့လာရောက်မည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၏ ခရီးသွားလာရေးအတွက် ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန်အတွက် ကေအိုင်အိုမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မှ လာရောက်မည်ဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်သည့် ကိုယ်စားလှယ် ၂၀ ခန့်သည် လိုင်ဇာ- နန်ဆန်ယန်-မြစ်ကြီးနားလမ်းကြောင်းမှ မြစ်ကြီးနားမြို့သို့လာရောက်ကာ ထိုမှတစ်ဆင့် နေပြည်တော်သို့သွားရောက်ရန် စီစဉ်ထားသည်။ဦးဆွမ်လွတ်ဂမ်ဦးဆောင်သော ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် လိုင်ဇာမှ မြစ်ကြီးနားသို့ မတ် ၁၀ ရက်တွင် လာရောက်ရန်စီစဉ်ထားသော်လည်း မတ် ၁၀ ရက် ညနေပိုင်းအထိ သက်ဆိုင်ရာ၏ ခရီးသွားလာခွင့် ခွင့်ပြုချက်မရရှိသေးသောကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ Myanmar Peace Center မှတာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ တာဝန်ရှိသူများအကြား ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် PCG မှ ဦးဆန်းအောင်က "ဆွေးနွေးပွဲလုပ်ဖို့က သဘောတူထားပြီးသား။ ဒါပေမဲ့ အဲဒီမှာလာဖို့ခရီးစဉ်ပဲ အခုထိခွင့်ပြုချက်မရသေးတာပေါ့။ တပ်ဘက်နဲ့ညှိနှိုင်းနေတယ်။ ပြီးရင် MPC နဲ့ညှိနှိုင်းနေတယ်။ အမှန်ကဒီနေ့ထွက်ဖို့ပါပဲ။ စောင့်ရင်းနဲ့ကြာသွားတာပါ။ အခေါက်တိုင်းက ဒီဆွေးနွေးပွဲလာဖို့အတွက် သွားလာရေးခွင့်ပြုမိန့်ကို အမြဲတမ်းတောင်းရပါတယ်။ အဲဒါ သူတို့ခွင့်ပြုမိန့်ရမှပဲ ဆွေးနွေးပွဲလုပ်လို့ရပါတယ်" ဟု မတ် ၁၀ ရက် ညနေ ၅ နာရီတွင်ပြောကြားသည်။ဆက်လက်၍ ဦးဆန်းအောင်က "ပြည်ပမှာလုပ်တဲ့ဟာဆိုရင်တော့ ဘာခွင့်ပြုချက်မှတော့ မလိုဘူးပေါ့ဗျာ။ အခုဟာက ပြည်တွင်းမှာဖြစ်တဲ့အခါကျတော့ ခွင့်ပြုမိန့်တွေက ပြန်လိုတဲ့အခါကျတော့ ပြင်ဆင်ချိန်လိုတာပေါ့။ သွားလာရေးအတွက် ခွင့်ပြုချက် ရ မရ မနက်ဖြန်အထိမသိရဘူးဆိုရင်တော့ ဒီခရီးစဉ်ကမရှိတော့ဘူးပေါ့။ အဲဒီလမ်းမဟုတ်ရင် အခြားလမ်းသွားဖို့က ပြင်ဆင်ချိန်မရှိတော့ဘူး။ ကိုယ်စားလှယ် ၂၀ ကျော်လာမယ်။ ညှိနှိုင်းလို့မရရင်တော့ အစည်းအဝေးကမလုပ်ဖြစ်ဘူးပေါ့။ အစည်းအဝေးတော့ လုပ်ရအောင်ပြောတယ်" ဟုပြောကြားသည်။ဦးဆွမ်လွတ်ဂမ်၊ ဒေါက်တာလဂျာနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ပါဝင်သည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံပြီးပါက ရန်ကုန်မြို့၌ မတ် ၁၆ ရက်မှ စတင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲသို့ ကိုယ်စားလှယ်စုံလင်စွာတက်ရောက်သွားရန် စီစဉ်ထားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် မတ် ၁၆ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ကေအိုင်အိုအဖွဲ့သည် လက်ရှိအစိုးရနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်နိုင်ခြင်းမရှိသေးသည့်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တပ်များအကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

Most Read

Most Recent