တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းပါဝင်သည့် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီတို့ ပထမဆုံးအကြိမ်တွေ့ဆုံမည်

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းပါဝင်သည့် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီတို့ ပထမဆုံးအကြိမ်တွေ့ဆုံမည်
Published 11 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

တစ်နိုင်ငံလုံးရှိ လယ်ယာမြေပြဿနာ များနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီတို့ ပထမဆုံးအကြိမ်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါတွေ့ဆုံပွဲကို မတ် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။"ပြည်ထောင်စုအစိုးရ မြေယာအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ကော်မတီဝင်တွေက ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့နဲ့ အဖွဲ့ခွဲ ၁၁ ဖွဲ့တို့နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်။ တိုင်းဒေသကြီး၊ ပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီတွေလည်း ပါဝင်မှာဖြစ်တယ်" ဟု လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်ကပြောကြားသည်။"အဲဒီအတွက် တစ်နိုင်ငံလုံးရဲ့လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့တွေပါဝင်သလို တစ်နိုင်ငံလုံးရဲ့ မြေယာစီမံခန့်ခွဲမှုကော်မတီတွေ ပထမဆုံးတွေ့ဆုံတဲ့ တွေ့ဆုံပွဲဖြစ်တယ်။ အဲဒီနေ့မှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရဲ့အဖွဲ့ခွဲတွေကလည်း လယ်ယာမြေပြဿနာတွေကို ဆွေးနွေးကြမှာဖြစ်တယ်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်းရှိနေမှာဖြစ်တယ်။ ဒီဘက်ကကော်မရှင်အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုတွေ၊ ဆောင်ရွက်မှုတွေနဲ့ လယ်ယာမြေပြဿနာတွေကို ရှေ့ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်သွားကြမယ်ဆိုတာကို အဖြေထုတ်ကြမှာဖြစ်တယ်" ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။"လယ်ယာမြေပြဿနာတွေကို တိတိကျကျနဲ့ စာရင်းဇယားတွေမှန်ကန်ဖို့၊ နောက်ဒီပြဿနာတွေကို အမှန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ကော်မရှင်နဲ့ အစိုးရကဖွဲ့စည်းထားတဲ့ လယ်ယာမြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေရှာသင့်ပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်တွင်ဆွေးနွေးသည်။အဆိုပါဆွေးနွေးချက်အပေါ်မူတည်ကာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးတွင် လယ်ယာမြေပြဿနာများနှင့်ပတ်သက်၍ အမှုတွဲတိုင်ကြားစာပေါင်း ၂၃၆၉ မှု တိုင်ကြားထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကဆိုသည်။ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီတို့တွေ့ဆုံပွဲတွင် လယ်ယာမြေပြဿနာများကို အဓိကဆွေးနွေးမှာဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောကြားသည်။နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာပြည်သူများထံသို့ ပြန်လည်စွန့်လွှတ်မည့် မြေဧက ၃၀၂၂၀၁ ဒသမ ၇၆၂ ဧကရှိသည့်အနက် ၁၆၁၀၄၇ ဒသမ ၁၆ ဧကအား လွှဲအပ်ရန်ကျန်ရှိနေသေးကြောင်း မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent