လယ်ယာမြေသိမ်းဆည်းခံရမှု၊ လယ်ယာမြေဈေးကစားမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းချက်များကြောင့် လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းခန့်သာရှိဟု သူရဦးအောင်ကို တင်ပြ

လယ်ယာမြေသိမ်းဆည်းခံရမှု၊ လယ်ယာမြေဈေးကစားမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းချက်များကြောင့် လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းခန့်သာရှိဟု သူရဦးအောင်ကို တင်ပြ
Published 9 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

လယ်ယာမြေသိမ်းဆည်းခံရမှု၊ လယ်ယာမြေဈေးကစားမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းချက်များကြောင့် လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းခန့်သာရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက လွှတ်တော်တွင် တင်ပြခဲ့သည်။ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နေပြည်တော်တွင် မတ် ၉ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မေးခွန်းမေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။၂ဝ၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ တရားဝင်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက လုပ်ငန်းပေါင်း  ၈၂၈ ခုတွင် ဒေါ်လာသန်း ၅ဝ၆ဝဝ ကျော်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။“အမှန်တကယ် တည်ရှိ လုပ်ကိုင်နေသော လုပ်ငန်းပေါင်း ၅၆၇ တွင် ဒေါ်လာ သန်း ၄ဝ၅ဝဝ ကျော်ခန့်သာရှိကြောင်း တွေ့ရှိရတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသော လုပ်ငန်းကဏ္ဍများကို စိစစ်ကြည့်ပါက တိုင်းပြည်၏ မိမွေ၊ ဖမွေ မွေးရာပါ သယံဇာတများ ဖြစ်ကြသော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင်သာ အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၇ဝ ကျော်ရှိနေကြောင်း တွေ့ရတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၇ဝ ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသော တောင်သူလယ်သမားများဖြစ်ပြီး သက်မွေးလုပ်ငန်းဖြစ်သည့် လယ်ယာကဏ္ဍတွင် ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက တင်ပြသည်။လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိက လိုအပ်ချက်ဖြစ်သည့် FDI စီးဝင်လာရေးအတွက် နိုင်ငံတွင် အားနည်းချက်များ၊ လိုအပ်ချက်များ ရှိနေကြောင်း သုံးသပ်ရမည်ဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာများ၊ လယ်ယာမြေဈေးကစားမှုကြောင့် ဈေးနှုန်းမြင့်မားလွန်းသည့် ပြဿနာ များ အပါအဝင် တရားဥပဒေစိုးမိုးမှု အားနည်းချက်များ ရှိနေသည်ကို လက်ခံပြီး အမြန်ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက “လယ်ယာမြေဆိုင်ရာ ပြဿ နာများကို လက်တွေ့ကျကျဖြေရှင်းပြီး တရားဥပဒေစိုးမိုးမှု အားကောင်းခိုင်မာလာအောင် တည်ဆောက်ကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ လယ်ယာလုပ်ငန်းကဏ္ဍသို့ အမြန်စီးဝင်လာအောင် စီမံဆောင်ရွက်ပေးနိုင်ခြင်း ပြုနိုင် မပြုနိုင်” ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။အဆိုပါမေးခွန်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် ပြည်ပကုမ္ပဏီပေါင်း ၆၅ ခုမှ လာရောက်တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ပြီး လက်ရှိတွင်လည်း လာရောက်တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားသည်။လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အပံ့စီမံကိန်း ၁၂ ခုနှင့် ချေးငွေစီမံကိန်း လေးခုအား စုစုပေါင်း ဒေါ်လာ ၉၂၇ ဒသမ ၇၈၆ သန်းဖြင့် ထပ်မံအကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။လယ်ယာကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးရခြင်းမှာ နိုင်ငံခြားသားများ လယ်ယာမြေပိုင်ဆိုင်ခွင့် မရှိခြင်း၊ ရာသီဥတုကို အမှီပြုရသော သေချာရေရာမှု မရှိသည့် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတို့၏ နှိုင်းယှဉ်အကျိုးအမြတ် အလွန်ကွာခြားခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေတို့ အချင်းချင်းချိတ်ဆက်မှု အားနည်းနေခြင်းတို့ ပါဝင်ကြောင်း ဒုဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

Most Read

Most Recent