အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေးပါတီများနှင့်ကြားနာရာတွင် သမဂ္ဂဖွဲ့စည်းရန်လိုအပ်ကြောင်းပြောကြားပြီး ကျောင်းသားများအား အကြမ်းဖက်နှိမ်နင်းခြင်းအပေါ် နိုင်ငံရေးပါတီများရှုတ်ချ

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေးပါတီများနှင့်ကြားနာရာတွင် သမဂ္ဂဖွဲ့စည်းရန်လိုအပ်ကြောင်းပြောကြားပြီး ကျောင်းသားများအား အကြမ်းဖက်နှိမ်နင်းခြင်းအပေါ် နိုင်ငံရေးပါတီများရှုတ်ချ
Published 7 March 2015
စိုးမင်းထိုက်

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီများ၏ကြားနာပွဲတွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရန်ပြောကြားခဲ့ပြီး ကျောင်းသားများအား အကြမ်းဖက်နှိမ်နင်းခြင်းများအား နိုင်ငံရေးပါတီများကရှုတ်ချကြောင်း ဆွေးနွေးခဲ့ကြသည်။အဆိုပါဥပဒေကြမ်းအား မတ် ၆ တွင် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီ ၁၅ ခု တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။တက်ရောက်ဆွေးနွေးသည့် နိုင်ငံရေးပါတီအများစုက လက်ပံတန်းမြို့ရှိ ကျောင်းသားများအား အကြမ်းဖက်ဖြိုခွဲခြင်းမပြု ရန် ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုကြကြောင်း၊ အဆိုပါဆန္ဒပြမှုအား အကြမ်းဖက်နှိမ်နင်းသည့်လုပ်ရပ်အား ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်းပြောကြားခဲ့ကြသည်။ကယန်းအမျိုးသားပါတီမှ စီအီးစီနော်အိန်ဂျဲလ်လာသောင်းက "ဗဟိုချုပ်ကိုင်မှုပိုမိုလျှော့ချခြင်းဖြင့် တိုင်းပြည်၏အကျိုးအတွက် ပြည်သူ့စွမ်းအားအရင်းအမြစ်တွေကို ပိုမိုကျယ်ပြန့်စွာ အသုံးချစေနိုင်ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲက အချင်းချင်းကတိကဝတ်ပြုကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ရဲ့တည်ငြိမ်မှုကို ဖြစ်ထွန်းစေပါတယ်။ အနိုင်ယူရန်တွေ့ဆုံခြင်းထက် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းရေးကိုသာရှေးရှုပြီး တွေ့ဆုံသင့်ပါတယ်" ဟု ဆွေးနွေးသည်။မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးခိုင်က အမျိုးသားပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အသက်ဝိညာဉ်ဖြစ်သကဲ့သို့ နိုင်ငံ၏အချုပ်အခြာနှင့် အမျိုးသားကာကွယ်ရေးကဏ္ဍအတွက် အဆင့်မြင့်နည်းပညာ၏ အဓိကအခန်းကဏ္ဍအဖြစ် အရေးကြီးသည့်အတွက် ရေရှည်မျှော်တွေးပြီး ရှုထောင့်စုံမှ မျှမျှတတ အချိန်ယူသုံးသပ်ရေးဆွဲရန်လိုအပ်ကြောင်း၊ ဥပဒေတစ်ခုရေးဆွဲရာတွင် ဗဟိုချုပ်ကိုင်မှုများလွန်းပါက တိုးတက်မှုနှေးကွေးစေကြောင်း၊ လွတ်လပ်ခွင့်တစ်ခုတည်းကိုသာ အလေးထားရေးဆွဲပါက အကွပ်မရှိကြမ်းကဲ့သို့ ပရမ်းပတာဖြစ်စေနိုင်သည့်အတွက် မျှတသည့်အလယ်အလတ်ကျသည့် ရေရှည်မြော်မြင်သည့် အမျိုးသားပညာရေးဥပဒေဖြစ်ရန် တိုက်တွန်းပါကြောင်းဆွေးနွေးသည်။

 အမျိုးသားပညာရေးဥပဒေအား  ကန့်ကွက်ကြောင်းနှင့် ကျောင်းသားများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းမပြုရန်  မတ် ၆ ရက်  ညနေပိုင်းက  ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင် ကျောင်းသားအချို့ ဆန္ဒပြနေကြစဉ်  (ဓာတ်ပုံ-အောင်ကျော်ထက်)ကရင်အမျိုးသားပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးမန်းစိုးမြင့်က "ကျောင်းသားတွေနဲ့အလုပ်သမားတွေကို ဖြေရှင်းနေမှုတွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် သဘောထားမတိုက်ဆိုင်တာတွေလည်းရှိမှာပါပဲ။ ဒီမိုကရေစီသွားနေတာဆိုရင် ဆွေးနွေးဖြေရှင်းမှုတွေနဲ့သွားရမှာပါ" ဟုဆွေးနွေးသည်။ဆက်လက်၍ ခေတ်အဆက်ဆက်တွင် ပညာရေးစနစ်များကို ပြောင်းလဲမှုများရှိခဲ့ကြောင်း၊ ၁၉၈၈ နောက်ပိုင်းတွင် ပညာရေးက ပုံစံတစ်မျိုးဖြစ်လာကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ ပညာရေးစနစ်ကို တရားခံအဖြစ် အသုံးချခဲ့ကြောင်း ဆွေးနွေးသည်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းထွေးမှုံက "ဒီကိုလာတဲ့အဓိကရည်ရွယ်ချက်က အမျိုးသားပညာရေးဥပဒေကိုဆွေးနွေးဖို့ပါ။ ဒါပေမဲ့ ရန်ကုန်မှာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကိုတော့ ကန့်ကွက်ပါတယ်။ ဒီလိုနှိမ်နင်းမှုကိုလည်း ရှုတ်ချပါတယ်" ဟုဆွေးနွေးသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စီအီးစီဦးမျိုးလွင်က "အရင်တည်ဆောက်ခဲ့တဲ့ကတိတွေကို မပျက်စီးစေဘဲ အမြန်ဆုံးအဖြေရှာသင့်ပါတယ်။ အကြမ်းဖက်မှုတွေကိုလည်း ရပ်ဆိုင်းသင့်ပါတယ်" ဟုအကြံပြုခဲ့သည်။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့က ကျောင်းသားသမဂ္ဂဖွဲ့စည်းရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက "ဒီအမျိုးသားပညာရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို ပေးစရာကိုမလိုဘူး။ အခုကျောင်းသားတွေထဲမှာ ကျွန်တော်နဲ့ အသက်တူတဲ့သူလည်းရှိတယ်။ အသက်ကြီးပေမယ့် ကျောင်းသားအစစ်အမှန်ဆိုရင် ပြဿနာမရှိပါဘူး။ မစစ်မမှန်တွေပါလာရင် ရှုပ်ကုန်မယ်။ စစ်ကျွန်ပညာရေးဆိုတဲ့ အသုံးအနှုန်းကိုလည်းရှုတ်ချပါတယ်။ အစိုးရအနေနဲ့ အရေးယူမှုတွေလုပ်ဖို့လိုပါတယ်။ လိုက်လျောမှုတွေကိုက အစိုးရကဖောက်ဖျက်နေတာပဲ။ တားမြစ်မှုတွေလုပ်ဖို့လိုပါတယ်" ဟုဆွေးနွေးသည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "အစိုးရအနေဖြင့် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်သင့်ပါတယ်။ နောက်ပြီးတော့ ဒီဥပဒေကိုလည်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်ပေးသင့်ပါတယ်" ဟုပြောကြားသည်။ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက အကြမ်းဖက်နှိမ်နင်းမှုများကို မကြိုက်နှစ်သက်ကြောင်း ပြောကြားသည်။

Most Read

Most Recent