ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားနှင့် နိုင်/ကျဉ်းဟောင်း ၂၀ ကျော်အား ထောက်ပံ့မည်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားနှင့် နိုင်/ကျဉ်းဟောင်း ၂၀ ကျော်အား ထောက်ပံ့မည်
Published 7 March 2015

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား နှစ်လလျှင်တစ်ကြိမ် ထောက်ပံ့မှုပြုလုပ်လျက်ရှိသည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ ၁၉ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို မတ် ၁၂ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်မည်ဖြစ်ရာ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူနှစ်ဦးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀  ကျော်အား ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ထောက်ပံ့ငွေပေးအပ်နိုင်ရေးနှင့်ပတ်သက်ပြီး ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်များအစည်းအဝေးကို မတ် ၇ ရက် နံနက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ လမ်း(၅၀)ရှိ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဦးကျော်အောင်က "အကြမ်းဖျင်းလျာထားတာကတော့ လက်ရှိအကျဉ်းသားနှစ်ဦးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀  ကျော်လောက်ကိုပေးဖို့မှန်းထားတယ်။ မနက်ဖြန်မနက်ပိုင်း အစည်းအဝေးခေါ်ထားတာရှိတယ်။ ဘယ်သူတွေကို ဘယ်လောက်ပေးမယ်ဆိုတာဆုံးဖြတ်မှာပေါ့။ ထောက်ပံ့ငွေပေးပွဲကတော့ လာမယ့် ၁၂ ရက်နေ့ တော်ဝင်နှင်းဆီမှာ နေ့လယ် ၂ နာရီလုပ်မယ်။ လာမယ့် ၁၉ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲက ဖောင်ဒေးရှင်းရဲ့ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်တယ်" ဟု မတ် ၆ ရက်ကပြောကြားသည်။ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသည် ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အခြားအကူအညီလိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအား ကူညီထောက်ပံ့ရန် ၂၀၁၂ ခုနှစ် မတ် ၁၂ ရက်ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်လလျှင်တစ်ကြိမ် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ဖောင်ဒေးရှင်း၏ (၁၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲအပြီးတွင် လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၃၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား ၄၄၈ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၄၇၆ သိန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ဆေးဝါးကုသမှုပေးရန်အတွက် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ လမ်း(၅၀)ရှိ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရုံးရှေ့တွင် ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent