ပင်မကျောင်းသားသပိတ် ပိတ်ဆို့ခံထားရမှုနှင့် ရန်ကုန်တွင် ကျောင်းသားများအားအကြမ်းဖက်မှုအပေါ် ကျောင်းသားငါးဦး လက်ပံတန်းမြို့ ဈေးအနီး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီး

ပင်မကျောင်းသားသပိတ် ပိတ်ဆို့ခံထားရမှုနှင့် ရန်ကုန်တွင် ကျောင်းသားများအားအကြမ်းဖက်မှုအပေါ် ကျောင်းသားငါးဦး လက်ပံတန်းမြို့ ဈေးအနီး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီး
Published 6 March 2015

ရဲတပ်ဖွဲ့ဝင်များ၏တားဆီးခြင်းခံထားရသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း (ပင်မ) မှ ကျောင်းသားလေးဦးနှင့် ကျောင်းသူတစ်ဦးတို့ မတ် ၆ ရက် နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ဈေးအနီး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။အဆိုပါကျောင်းသားငါးဦးသည် လက်ပံတန်းမြို့ဒေသခံများအား ၎င်းတို့ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များပိတ်ဆို့ထားမှုအား "ကျွန်မတို့ကို သုံးရက်လောက်ရှိပြီ။ ဒီနေရာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားတယ်။ ဘယ်မှလဲသွားလို့မရဘူး။ အဆက်အသွယ်တွေလည်း အားလုံးဖြတ်ထားတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရန်ကုန်က သပိတ်ထောက်ခံသူတွေကိုလည်း ရဲတွေက တုတ်နဲ့ရိုက်တာတွေ လုပ်နေပါတယ်" ဟု ဆန္ဒပြကျောင်းသူတစ်ဦးက လက်ပံတန်းဈေးအနီးတွင်ဟောပြောခဲ့သည်။

ရန်ကုန်တွင် ကျောင်းသားများကိုအကြမ်းဖက်မှုအပေါ် လက်ပံတန်းမြို့ဈေးအနီး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးနေစဉ်
ကျောင်းသားငါးဦးစလုံး အသီးသီးဟောပြောမှုများပြုလုပ်ပြီးသည့်နောက်တွင် ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်အချို့ရောက်ရှိလာပြီး ကျောင်းသားများနှင့် ခေတ္တမျှ စကားပြောမှုများပြုလုပ်ကာ ထိုကျောင်းသားများအား အင်အားသုံးပြီး ရဲကားပေါ်သို့ဆွဲတင်ခဲ့သည်။ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ဆန္ဒပြကျောင်းသားကျောင်းသူများမှာ ရဲရင့်ပိုင်မှူး (ကျောက်ဆည်နည်းပညာတက္ကသိုလ်)၊ အောင်မင်းခန့် (ကျောက်ဆည်နည်းပညာတက္ကသိုလ်)၊ သာအေး (ကျောက်ဆည်တက္ကသိုလ်)၊ ရဲမျိုးဆွေ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)နှင့် အိသဉ္ဇာမောင် (ရတနာပုံတက္ကသိုလ်) တို့ဖြစ်ကြောင်း သိရသည်။"နယ်လုံဝန်ကြီးနဲ့တော့တွေ့ဆုံပြီးသွားပြီ။ ကျွန်တော်တို့ကိုတော့ အဖမ်းခံရတဲ့ကျောင်းသားတွေနဲ့ တွေ့ခွင့်ပေးပါမယ်ပြောတယ်။ အခုထက်ထိတော့ မတွေ့ရသေးဘူး။ ကျောင်းသားတွေကို အချုပ်ထဲတော့မထည့်ပါဘူး။ စခန်းမှာပဲကောင်းကောင်းထားမယ်လို့တော့ပြောတယ်။ အခုထက်ထိတော့ တွေ့ခွင့်မရသေးဘူး" ဟု တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ပင်မသပိတ်စစ်ကြောင်းမှ ကိုမြတ်သူက မတ် ၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပြောကြားသည်။ထိုသို့ ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်သည့်အပြင် ဧရာဝတီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများသည် တာဝန်ရှိသူများထံသို့ အချက်ရှစ်ချက်ကိုတောင်းဆိုထားပြီး တာဝန်ရှိသူများမှ လိုက်လျောမှုမပေးနိုင်သည့်အပြင် ရဲအင်အား ၃၀၀ ခန့်၊ ရဲကားများဖြင့် သပိတ်စစ်ကြောင်း၏ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ထားသည်။မတ် ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ဈေးအနီးတွင် ဒီမိုကရေစီပညာရေးပင်မသပိတ်စခန်းမှ ကျောင်းသားလေးဦးနှင့် ကျောင်းသူတစ်ဦးတို့သည် ၎င်းတို့ပိတ်ဆို့ခံထားရသည့်အခြေအနေနှင့် ရန်ကုန်မြို့တွင် ကျောင်းသားများအား အကြမ်းဖက်ဖမ်းဆီးသည့်ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့သည့် ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မတ် ၆ ရက် ည ၇ နာရီအထိ လက်ပံတန်းမြို့၌ သပိတ်မှောက်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရင်ဆိုင်နေဆဲဖြစ်သည်။

Most Read

Most Recent