မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူရှစ်ဦးကရှင်းလင်း

မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူရှစ်ဦးကရှင်းလင်း
Published 6 March 2015

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ သပိတ်မှောက်ဆန္ဒပြနေသည့်ကျောင်းသားများကို အကြမ်းဖက်မဖြိုခွင်းရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်စဉ် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ၈၈ မျိုးဆက်ခေါင်းဆောင်အချို့အပါအဝင် ကျောင်းသားရှစ်ဦးက မတ် ၆ ရက် နံနက် ၁၁ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ထိုသို့ရှင်းလင်းရာတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပုံများနှင့် အကြမ်းဖက်ဖြိုခွင်းရန်အမိန့်ပေးစေခိုင်းသည့် အဓိကတာဝန်ရှိသူကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဇင်မင်းဖြိုးက လက်ရှိတွင် နိုင်ငံအနှံ့ပြုလုပ်သည့် အမျိုးသားပညာရေးဥပဒနှင့်ပတ်သက်သော သပိတ်မှောက်ဆန္ဒပြများအား အကြမ်းဖက်မဖြိုခွင်းရန်၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ ကတိကဝတ်များကို အစိုးရတာဝန်ရှိသူများမှ မဖောက်ဖျက်ရန်အတွက်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ၎င်းက "ကျွန်တော်တို့ဆန္ဒထုတ်ဖော်နေစဉ် သူတို့တွေက မိနစ် ၃၀ အတွင်း လူစုခွဲပေးဖို့ လူစုမခွဲပေးရင် ဥပဒေအရအရေးယူသွားမယ်ပြောတယ်။ ဒါပေမဲ့ သူတို့ပြောထားတဲ့ မိနစ် ၃၀အချိန်မပြည့်ခင်မှာဘဲ အရပ်ဝတ်ထားတဲ့သူတွေက ကျွန်တော်တို့ကိုဝန်းရံပေးနေတဲ့ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထိုးကြိတ်ကန်ကြောက်တယ်။ အဲဒါနဲ့ ကျွန်တော်ကအကြမ်းမဖက်ဖို့ပြောတယ်။ ဒါပေမဲ့သူတို့က နောက်တစ်ကြိမ်ထပ်ပြီး ထိုးကြိတ်ကန်ကျောက် အကြမ်းဖက်ဖြိုခွင်းခဲ့တယ်။ ကျွန်တော်ကိုလည်း အဲဒီကောင်ကို ဖမ်း၊ ဖမ်းဆိုပြီးတော့ အရပ်ဝတ်လက်ပတ်နီဝတ်လူလေးယောက်ကဖမ်းချုပ်ပြီးတော့ ကားပေါ်ကို ဆွဲတင်ခေါ်ဆောင်သွားတာပါ" ဟု အကြမ်းဖက်ဖြိုခွင့်ခံရပုံများအား ပြန်လည်ရှင်းလင်းပြောကြားသည်။အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူအချို့၊ ထောက်ခံသူအချို့နှင့် သတင်းထောက်တစ်ဦးဒဏ်ရာရခဲ့သည်။

Most Read

Most Recent