လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် ပုသိမ်မြို့၊ ပေါင်းတည်နှင့် ကလေးမြို့များတွင် ကျောင်းသားများဆန္ဒပြ

လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် ပုသိမ်မြို့၊ ပေါင်းတည်နှင့် ကလေးမြို့များတွင် ကျောင်းသားများဆန္ဒပြ
Published 5 March 2015

လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၏တားဆီးထားခြင်းခံရသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် မတ် ၅ ရက်က ပုသိမ်၊ ပေါင်းတည်နှင့် ကလေးမြို့များတွင် ကျောင်းသားများစုပေါင်းပြီး ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ပုသိမ်မြို့တော်ခန်းမရှေ့ ငဝန်မြစ်ကမ်းဘေး ရှုခင်းသာနေရာတွင် ကျောင်းသားများသမဂ္ဂ (ပုသိမ်ဒေသ)မှ ကျောင်းသားများကထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆရာဦးဝေယံအောင်ကဆိုသည်။ထိုင်သပိတ်မပြုလုပ်မီ မတ် ၄ ရက် ညဉ့်ဦးပိုင်းအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူး စခန်းမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့က ဧရာဝတီသပိတ်စစ်ကြောင်း၏ စောင့်ကြည့်ရေးသပိတ်စခန်းသို့လာရောက်ကာ ခွင့်ပြုချက်တောင်းခံပြီးမှပြုလုပ်ရန်ပြောဆိုခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ထပ်မံညွှန်ကြားထားချက်အရ ခွင့်ပြုချက်မတင်လျှင် အရေးယူရမည်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုသိရသည်။စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း လက်ပံတန်းမြို့ရောက် ပင်မသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ရန်အတွက် ကလေးတက္ကသိုလ်မှ ကျောင်းသားများက ကလေးမြို့ပေါ် သုံးနေရာတွင် ဆန္ဒပြကြသည်။မန္တလေးမြို့မှ ဇန်နဝါရီ ၂၀ ရက်က စတင်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းမှာ လက်ပံတန်းမြို့တွင် စခန်းချနေရာမှ မတ် ၁ ရက်တွင် ရန်ကုန်သို့ဆက်လက်ချီတက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များအနေဖြင့် သပိတ်စစ်ကြောင်းဆက်လက်ချီတက်ရန်ကြိုးစားနေမှုကို ရဲတပ်ဖွဲ့အင်အားအများအပြားဖြင့် တားဆီးနေခြင်းကြောင့် တစ်နိုင်ငံလုံးမှကျောင်းသားများကစောင့်ကြည့်နေကြပြီး သပိတ်စစ်ကြောင်းအားအကြမ်းဖက်မည်ဆိုပါက တစ်ပတ်အတွင်း ရန်ကုန်သို့အရောက်ချီတက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားမှုများလည်းရှိနေသည်။ပင်မသပိတ်စစ်ကြောင်းဖြတ်သန်းခဲ့သည့် ပေါင်းတည်မြို့တွင်လည်း လက်ပံတန်းရှိ သပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းမည်ကိုမလိုလားကြောင်း ကန့်ကွက်သည့်အနေဖြင့် သုံးရက်ဆက်တိုက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ အဆိုပါဆန္ဒပြမှုကို အခြေခံပညာကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent