ပိတ်ဆို့တားဆီးခံထားရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း လက်ပံတန်းမြို့တွင် ဦးဆောင်ဆန္ဒပြသူ ဒေသခံ ၁၁ ဦးအား အမှုဖွင့်ပြီး သုံးဦးကိုဖမ်းဆီး

ပိတ်ဆို့တားဆီးခံထားရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း လက်ပံတန်းမြို့တွင် ဦးဆောင်ဆန္ဒပြသူ ဒေသခံ ၁၁ ဦးအား အမှုဖွင့်ပြီး သုံးဦးကိုဖမ်းဆီး
Published 5 March 2015
ကြည်နိုင်၊ မင်းသိန်းနိုင်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ ပိတ်ဆို့တားဆီးခံထားရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်း ဦးဆောင်ဆန္ဒပြသည့် ဒေသခံ ၁၁ ဦးကို သက်ဆိုင်ရာလက်ပံတန်းမြို့မရဲစခန်းမှ စခန်းမှူးစန်းမြင့်က တရားလိုပြုလုပ်အမှုဖွင့်ထားကြောင်းသိရပြီး ယင်းအနက် သုံးဦးအား စခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားကြောင်း မတ် ၅ ရက် မွန်းလွဲပိုင်းတွင် စုံစမ်းသိရသည်။အဆိုပါဆန္ဒပြသူများမှာ ကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်းနှင့် ကျောင်းသားများအနီးသို့ တစ်နာရီသွားတွေ့ခွင့်ရန်အတွက် မတ် ၄ ရက် မွန်းလွဲပိုင်းတွင် ကျောင်းသားများကိုပိတ်ဆို့ထားသည့် ကျွန်းကလေးတာဆုံ ရဲကားများအနီးတွင် တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်း ၁၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂၀၀ ကျော်ပါဝင်ခဲ့သည်။ယင်းသုံးဦးအနက် အဖမ်းခံထားရသူတစ်ဦးမှာ လက်ပံတန်းမြို့ ဘီးလင်းရပ်ကွက် ပေါက်ကုန်းလမ်းနေ ကိုနန္ဒာစိုး (၄၀ နှစ်)ဆိုသူဖြစ်ပြီး ၎င်း၏အမျိုးသမီးဖြစ်သူ မဇင်မာဝင်းက "နေ့ခင်းပိုင်းက ကျွန်မနဲ့အတူအိမ်မှာရှိတုန်း အရပ်ဝတ်နဲ့လူရှစ်ဦးက စစ်ဆေးစရာရှိလို့ဆိုပြီးလာ ခေါ်သွားတာဖြစ်တယ်။ ဘာအကြောင်းနဲ့ခေါ်စစ်တာလဲမေးတော့ ကျွန်းကလေးမှာဆန္ဒပြတဲ့ကိစ္စလို့ပြောတယ်။ ဖမ်းထား၊ မဖမ်းထားသွားတာကိုသိချင်လို့ ရဲစခန်းကအဝင်မခံဘူး။ ရဲစခန်းတံခါးပိတ်ထားတယ်။ ကျွန်မယောကျ်ားမနေ့က ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြပွဲလုပ်တဲ့အထဲကိုလည်းမသွားခဲ့ဘူးလို့ သူငယ်ချင်းတွေကပြောတယ်။ သူ့သူငယ်ချင်းတွေနဲ့ စစ်ကွင်းဘက်ကိုပဲသွားပြီး အိမ်ကိုပြန်လာတာပါ။ ဘာဖြစ်လို့ဖမ်းခေါ်သွားမှန်းနားမလည်တော့ပါဘူး" ဟု မတ် ၅ ရက်တွင်ပြောကြားသည်။အဆိုပါဖမ်းဆီးထားမှုနဲ့ပတ်သက်၍ လက်ပံတန်းမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးစန်းမြင့်အားမေးမြန်းရာ "ခွင့်ပြုချက်မတင်ဘဲ တရားမဝင်ဆန္ဒပြလို့ ဥပဒေအရအရေးယူဖို့ ဆောင်ရွက်တာပါ။ ဦးဆောင်ဆန္ဒပြတဲ့ ၁၁ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တာဖြစ်ပြီးတော့ လက်ရှိမှာတော့ သုံးဦးကို စခန်းမှာထိန်းသိမ်းထားပါတယ်။ ကျန်ရှစ်ဦးကိုတော့ ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု မတ် ၅ ရက် မွန်းလွဲပိုင်းတွင်ဆိုသည်။ယင်းသို့ဖမ်းဆီးထိန်းသိမ်းခံထားရသူသုံးဦးမှာ ကိုနန္ဒာစိုး၊ ကိုနိုင်ဝင်း၊ ကိုနိုင်ဝင်းတို့သုံးဦးဖြစ်ပြီး ကျန်အမှုဖွင့်ခံထားသူများ၏အမည်မှာ ကိုမျိုးဆွေ၊ မကြည်ကြည်ဝင်း၊ ကိုမြတ်သူ၊ ကိုဝင်းမင်းထွန်း၊ ကိုဗေဒါလေး၊ ကိုမြတ်သူ၊ ကိုအီဇာလေး၊ ကိုအေးကိုထွဋ်တို့ဖြစ်ကြောင်း သိရသည်။ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် တတိယနေ့အဖြစ် ဆက်လက်တားဆီးခံနေရဆဲဖြစ်ပြီး ယင်းအတားအဆီးများဖယ်ရှားပေးပါက အမျိုးသားလွှတ်တော်တွင်ပြုလုပ်သည့် ကြားနားမူသို့ တက်ရောက်မည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောကြားသည်။"ကျွန်တော်တို့အနေနဲ့ကတော့ ကြားနာပွဲတက်ဖို့ဆိုတာ သပိတ်ကို လွတ်လွတ်လပ်လပ်သွားခွင့်ပေးလိုက်တဲ့အခြေအနေမျိုးပေါ့။ ပိတ်ဆို့တားဆီးမှုတွေကို ဖယ်ရှားပေးလိုက်တဲ့အခြေအနေမျိုးဆိုရင် ကြားနာပွဲကို ကျွန်တော်တို့တက်မယ်။ ခေါင်းဆောင်တွေပဲသွားခွင့်ပေးပြီး ဒီကကျောင်းသားတွေကိုသွားခွင့်မပေးဘူးဆိုရင်လည်း ခေါင်းဆောင်တွေကသွားမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောကြားသည်။ပင်မသပိတ်စစ်ကြောင်းသည် ဗကသများအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့် သပိတ်မှောက်နေသောစစ်ကြောင်းဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုပေးရန် သပိတ်မှောက်နေသောစစ်ကြောင်းများအနက် နောက်ဆုံးကျန်ရှိသောစစ်ကြောင်းဖြစ်သည်။"စိတ်ပိုင်း၊ ရုပ်ပိုင်းမပြိုကွဲအောင်လို့ ကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့ ဒီမှာရပ်တည်သွားမှာဖြစ်တယ်။ အဲဒါကိုတော့ ကျွန်တော်တို့အာမခံနိုင်တယ်။ ကျွန်တော်တို့ရဲဘော်တွေကလည်း စိတ်ဓာတ်အခြေခံကောင်းတယ်။ စည်းလုံးညီညွတ်မှုရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ကို သူတို့စမ်းသပ်မူတွေဟာ အလိုအလျောက်ကျရှုံးမှာဖြစ်တယ်။ လွှတ်တော်မှာကြားနာမှုဆိုတာက ကျွန်တော်တို့သပိတ်စစ်ကြောင်းကို တားဆီးထားတဲ့အတွက်သွားခွင့်မရှိဘူး။ သွားလို့မရဘူး" ဟု ၎င်းကပြောကြားသည်။ထိုင်သပိတ်ဆင်နွှဲမှု သုံးရက်မြောက်နေ့တွင် ယမန်နေ့က လက်ပံတန်းမြို့ခံများမှ ကျောင်းသားများအား ထောက်ခံကြောင်းနှင့် တွေ့ဆုံခွင့်ရရန် ဆန္ဒပြခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက လက်ပံတန်းမြို့အဝင်ဆိုင်းဘုတ်နေရာတွင် အတားအဆီးဂိတ်များချထားခြင်းဖြင့် လုံခြုံရေးတင်းကျပ်ခဲ့သည်။ထို့အပြင် ရန်ကုန်မြို့မှ Brilliend Hearts Band ဂီတအဖွဲ့ကလည်း ကျောင်းသားများနှင့် ရဲများ ထိပ်တိုက်ထိတွေ့နေသည့် လက်ပံတန်းမြို့အဝင်ဆိုင်းဘုတ်နှင့် ကျွန်းကလေးအနောက်ဘက်လမ်းတို့ဆုံရာ ယင်းနေရာသို့  မတ် ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင်ရောက်ရှိလာပြီး နှစ်ဖက်စလုံးအား ငြိမ်းချမ်းရေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ဆက်လက်ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ထိုင်သပိတ်မှ အစာငတ်ခံဆန္ဒပြနေသော သံဃာတော်သုံးပါးထဲမှတစ်ပါး အားနည်းမူးဝေသဖြင့် နာရေးကူညီမှုအသင်းမှ ဆေးကုသမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ပင်မသပိတ်စစ်ကြောင်းမှ ခေါင်းဆောင်များနှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးမှုမှာ ခြောက်ကြိမ်တိုင်ရှိပြီဖြစ်သော်လည်း ဆွေးနွေးပွဲအခြေအနေမှာ တိုးတက်မှုမရှိသဖြင့် ဆွေးနွေးမှုရပ်ထားကြောင်း သိရသည်။

Most Read

Most Recent