၂၀၁၅ ရွေးကောက်ပွဲသည် အလွန်အရေးကြီး၍ အနီးကပ်စောင့်ကြည့် လေ့လာနေပြီး လွတ်လပ်မျှတမှု ရှိ မရှိ ပြည်သူများ၏ အမြင်အပေါ် မူတည်ဆုံးဖြတ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲသည် အလွန်အရေးကြီး၍ အနီးကပ်စောင့်ကြည့် လေ့လာနေပြီး လွတ်လပ်မျှတမှု ရှိ မရှိ ပြည်သူများ၏ အမြင်အပေါ် မူတည်ဆုံးဖြတ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား
Published 5 March 2015
သန်းဇော်ထွန်း

မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အလွန်အရေးကြီး၍ အမေရိကန် ပြည်ထောင်စုအနေဖြင့် အနီးကပ်စောင့်ကြည့် လေ့လာနေပြီး ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကို ပြည်သူများ၏ အမြင်အပေါ် မူတည်ဆုံးဖြတ် သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က The Daily Eleven သတင်းစာသို့ မတ် ၅ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က မီဒီယာအချို့နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတွင် တွေ့ဆုံရာတွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် အထူးအာရုံ စိုက်နေပါကြောင်း၊ ပြည်သူများ မိမိတို့၏ဆန္ဒကို ထင်ဟပ်နိုင်မည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ကူညီချင်ပါကြောင်း၊ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာကာ အများယုံကြည် လက်ခံနိုင်သော အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အရေးကြီးရုံသာမက အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲ ဖြစ်လာရေးဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပြောကြားခဲ့ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
ထိုသို့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာကာ အများယုံကြည် လက်ခံနိုင်သော အားလုံးပါဝင်သည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း၊ ဆွေးနွေးတိုင်ပင် ညှိနှိုင်းရန်လိုကြောင်း၊ စဉ်းစားသုံးသပ် နိုင်ရန်အတွက် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ ပြောကြားချက်ကို နားထောင်ရန် လိုအပ်ကြောင်း၊ ပြီးပြည့်စုံသော ရွေးကောက်ပွဲတစ်ခု ဆိုသည်မှာ ရှားပါးသော်လည်း ပြည်သူတို့၏ မျှော်လင့်ချက်အချို့ကို  ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ယင်းမှာရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင်သာ မဟုတ်ဘဲ ရွေးကောက်ပွဲ ကျင်းပမည့်ရက်မတိုင်မီ ကြိုတင်ပြင်ဆင်ရသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်ကြောင်း အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
“ရွေးကောက်ပွဲက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အနီးကပ်စောင့်ကြည့် လေ့လာနေပါတယ်။ ကမ္ဘာကသာမက မြန်မာနိုင်ငံသားတွေလည်း စောင့်ကြည့်လေ့လာနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ရှိ၊ မရှိကိုတော့ ပြည်သူတွေရဲ့အမြင်ပေါ် မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်သွားပါမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာကာ အများယုံကြည်လက်ခံနိုင်သော အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် စောင့်ကြည့်လေ့လာမှုကို နေ့စဉ်ပြုလုပ်လျက်ရှိပြီး ထိုသို့ပြုလုပ်ရာတွင် ပြည်သူများနှင့် ထိတွေ့ပြောဆိုခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရ၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတို့နှင့် ပြောဆိုလုပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။
၂ဝ၁၅ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုများစွာရှိနေကြောင်း၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အကြောင်းအရာတိုင်းသည် စိန်ခေါ်မှုများဖြစ်နေကြောင်း အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရက်ကို ဩဂုတ်လမတိုင်မီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းများ ကြိုကောက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ရှိနေပြီး NLD ပါတီကလည်း ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းကို ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာပြီးမှသာ ထုတ်ပြန်မည်ဟု ပြောကြားထားသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များအရ ပထမအကြိမ် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။
 
 
 

Most Read

Most Recent