လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အစီရင်ခံစာ တင်ပြမည်

လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အစီရင်ခံစာ တင်ပြမည်
Published 5 March 2015
ဇာလီမြင့်ဦး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) က ကော်မရှင်၏ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ထူးခြားဖြစ်စဉ်များအပေါ် စုံစမ်းတွေ့ရှိချက်များကို ကုလသမဂ္ဂသို့ အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က “ကျွန်တော်တို့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတော့ တင်ပြဖို့ ရှိပါတယ်။ ရက်ကာလတော့ မသတ်မှတ်ရသေးပါဘူး။ အဓိက,ကတော့ ကျွန်တော်တို့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ၊ နောက်တစ်ခုကတော့ ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အစီရင်ခံဖို့ ရှိပါတယ်” ဟု မတ် ၄ ရက်က ပြောကြားသည်။နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့သို့ လေးနှစ်တစ်ကြိမ် အစီရင်ခံစာ တင်သွင်းရခြင်း ဖြစ်သည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ၂၀၁၄ စက်တင်ဘာတွင် ကော်မရှင်ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း ကုလသမဂ္ဂသို့ ပထမအကြိမ် အစီရင်ခံစာ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း အထူးစုံစမ်းစစ်ဆေးမှုများတွင် ကိုအောင်ကျော်နိုင် (ခ) အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု ဖြစ်စဉ်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်း၌ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသွားသူ ဒေါ်ခင်ဝင်း ဖြစ်စဉ်တို့ကို စုံစမ်းစစ်ဆေးမှုလည်း ပါဝင်သည်။ထို့ပြင် ယခုနှစ်၌ အရပ်ဘက် အဖွဲ့အစည်းများကလည်း ကုလသမဂ္ဂသို့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ပေးပို့တင်သွင်းရန် စီစဉ်မှုများအပေါ် ဦးစစ်မြိုင်က “ကျွန်တော်တို့ အစီရင်ခံစာရေးဖို့ကတော့ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ကူညီရတယ်လေ။ နောက် သူတို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ ရေးဖို့ ရှိပါတယ်။ ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တောင် တစ်ကြိမ် ထိတွေ့ပြီးပါပြီ။ အဲဒီတော့ လူမှုအဖွဲ့အစည်းတွေက အစီရင်ခံစာ ပေးပို့ရင်လည်း ပေးပို့နိုင်ခွင့် ရှိပါတယ်။ ဖော်ပြတဲ့ နေရာမှာတော့ အခြေအနေ အမှန်တွေကို ကျွန်တော်တို့ ရည်ညွှန်းကိုးကားပြီး ဖော်ပြဖို့တော့ လိုပါတယ်” ဟုဆိုသည်။ယခင်နှစ်များက နိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို အစိုးရက အစီရင်ခံစာ တင်သွင်းမှုနှင့် နယ်စပ်အခြေစိုက် အဖွဲ့အစည်း အချို့မှ သက်ဆိုင်ရာ ဒေသအခြေအနေများကို တင်ပြခြင်းသာ ရှိသော်လည်း ယခုနှစ်တွင်မူ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများကလည်း ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို အစီရင်ခံစာပြုစု၍ ကုလသမဂ္ဂသို့ တင်ပြရန် စီစဉ်ထားသည်။  

Most Read

Most Recent