နေပြည်တော်တွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လောင်းလှူ

နေပြည်တော်တွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လောင်းလှူ
Published 5 March 2015

၂၀၁၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာ အခမ်းအနားကို မတ် ၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူမှု ပြုလုပ်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါဝင် လှူဒါန်းနေသည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်လွှင့် ဖော်ပြရာတွင် မြင်တွေ့ရသည်။အဆိုပါ အခမ်းအနားတွင် ပြည်တွင်းဘွဲ့ခံဆရာတော် ၁၃၅ ပါး၊ ပြည်ပဘွဲ့ခံဆရာတော် ၁၅ ပါး စုစုပေါင်း ဆရာတော် ၁၅၀ ပါး၊ သီလရှင်ဆရာကြီး ၁၃ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂၈ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အပြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့မှ အကြီးအကဲများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော် အဝင်လမ်းနှင့် ပတ်လမ်းတစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတ် ၂ ရက် ညနေပိုင်းက နေပြည်တော်၌ သီးသန့်တွေ့ဆုံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent