ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံတံခါးဟောင်းအား ဝယ်ယူသူမှာ နိုင်ငံခြားသားဖြစ်နေ၍ လေလံတင်ရောင်းချသည့်ကိစ္စ အပြီးမသတ်နိုင်သေး

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံတံခါးဟောင်းအား ဝယ်ယူသူမှာ နိုင်ငံခြားသားဖြစ်နေ၍ လေလံတင်ရောင်းချသည့်ကိစ္စ အပြီးမသတ်နိုင်သေး
Published 5 March 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံတံခါးဟောင်းအား တရားဝင် ရရှိထားသည့် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ခြံတံခါးဟောင်းအား လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူသူမှာ နိုင်ငံခြားသားဖြစ်နေ၍ လေလံတင်ရောင်းချသည့်ကိစ္စ အပြီးမသတ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။ဦးစိုးညွန့်သည် ယင်းခြံတံခါးဟောင်းအား ရောင်းချ၍ရသည့်ငွေအား ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများကို ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် လှူဒါန်းရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးသစ် ဆောက်လုပ်ရာတွင် လှူဒါန်းရန် ရည်ရွယ်၍ လေလံတင်ခဲ့ခြင်းဖြစ်ရာ နိုင်ငံခြားသားတစ်ဦးက ကျပ်သိန်းငါးထောင်ပေး၍ လေလံအောင်ထားသည်။အဆိုပါ ခြံတံခါးဟောင်းရောင်းချမည့် အခြေအနေနှင့် ပတ်သက်ပြီး ဦးစိုးညွန့်က “နောက်ဆုံးပေးတဲ့သူလည်း ရှိပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက်ကြောင့် ကော်မရှင်ဥပဒေနဲ့ ငြိမငြိကို ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပြန်လည်ဖော်ပြပါမယ်။ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။ စနစ်တကျဖြစ်အောင် လုပ်ပါ့မယ်။ လေလံဆွဲတဲ့သူက တယ်လီဖုန်းနံပါတ်ရော၊ အိမ်လိပ်စာရော ပေးပါတယ်။ နိုင်ငံခြားသား ဖြစ်နေတဲ့ အခါကျတော့ စဉ်းစားရမှာတွေ အများကြီး ရှိတယ်လေ” ဟု ပြောကြားသည်။ဆက်လက်၍ ဦးစိုးညွန့်က “ငွေလွှဲတဲ့ ကိစ္စမှာလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ ဥပဒေတွေ ရှိမယ်လေ။ တစ်အချက် ဥပဒေနဲ့ လွတ်စေချင်တယ်ဗျာ။ ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားတဲ့ပါတီ ဖြစ်နေတော့ အဲဒါလေးတစ်ခု။ နှစ်အချက်ကတော့ ရောင်းတာတော့ ရောင်းမှာ။ ဒီပစ္စည်းက နောက်ထပ် အစားမရနိုင်တဲ့ ပစ္စည်း။ ပေးတဲ့သူက ပေးထားပြီ။ နိုင်ငံခြားသား ဖြစ်နေတယ်။ ကျွန်တော်တို့က ပါတီတစ်ခု ဖြစ်နေတဲ့အတွက် ဆင်ခြင်သုံးသပ်ရမှာတွေ အများကြီး ရှိနေတယ်။ အဲဒါကြောင့် သူ့ဆီကဟာကို လက်မခံသေးဘဲနဲ့ ခေတ္တရပ်ဆိုင်းထားတယ်။ ကျွန်တော်တို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကတော့ ဒီလို အကြံကောင်းဉာဏ်ကောင်း ထွက်တဲ့အတွက်ကြောင့် ချီးကျူးပါတယ်။ ဒီကိစ္စကို သူတိုက်ရိုက် ပါဝင်မပတ်သက်ပါဘူး။ အောင်မြင်အောင်လုပ်ပါ။ ဒါပဲ ပြောပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent