ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၇၄ ဘီလျံရှိ၊ ယခင်နှစ်ထက် ကျပ်ငါးဘီလျံသာ တိုးမြှင့်သုံးစွဲရန် လျာထား

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၇၄ ဘီလျံရှိ၊ ယခင်နှစ်ထက် ကျပ်ငါးဘီလျံသာ တိုးမြှင့်သုံးစွဲရန် လျာထား
Published 4 March 2015
စိုးမင်းထိုက်

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၇၄ ဘီလျံရှိကြောင်းနှင့် ယခင်နှစ်ထက် ကျပ်ငါးဘီလျံသာ တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သတင်းရရှိသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုသည် ကျပ် ၂၇၄ ဘီလျံရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၉ ဘီလျံ သုံးစွဲခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်ငါးဘီလျံသာ တိုးတက်သုံးစွဲခဲ့ကြောင်း၊ ထို့အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ဘဏ္ဍာငွေ အရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်လုပ်ငန်း ၂၆၆ ခုဆောင်ရွက်ရန် ရည်မှန်းထားကြောင်း၊ မူကြိုကျောင်း ၁၉၆၀ ကျောင်း ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ဥပဓိရုပ် မကောင်းသော၊ အန္တရာယ်ရှိသော ကျောင်းဆောင် ၂၁၆၃ ကျောင်း ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ယခုဘဏ္ဍာနှစ်၌ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းများ ဖျက်သိမ်းပြီး အသစ်ဆောက်ရန် ကျောင်းပေါင်း ၁၁၁၁၊ မူကြိုကျောင်းများ ဆောက်လုပ်ခြင်း ၁၆၉၀ ခု၊ ဥပဓိရုပ် မကောင်းသော ကျောင်းများ ဆောက်လုပ်ခြင်း ၇၄ ခု၊ လွှတ်တော်မှတင်ပြသော ကျောင်း ၉၁၆ ခု၊ သိပ္ပံခန်းဆောက်လုပ်ခြင်း ၃၁ ခု၊ နိုင်ငံခြားအထောက်အပံ့ဖြင့် ၈၁ ကျောင်း၊ သာသနာ့မြေမှခွဲထွက်၍ ပညာရေးပိုင်မြေတွင် ကျောင်းဆောက်ခြင်း နှစ်ခု၊ ကျောင်းသားဦးရေအရ အသစ်တိုးချဲ့ဆောက်လုပ်ခြင်း ၁၃၃ ခုရှိကြောင်း သိရသည်။မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ အန္တရာယ်ရှိသော ကျောင်းဆောင်သုံးဆောင်အား ၂၀၁၄-၂၀၁၅ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောက်လုပ်ရန်၊ သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာရှိ အောင်ကုသိုလ်ကျောင်းအား လာမည့်ဖြည့်စွက် ဘတ်ဂျက်တွင် ဆောက်လုပ်ပေးရန် ကတိကဝတ်ပြုထားပြီး ဖြစ်သည့်အတွက် ဆောက်လုပ်ပေးသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။ထို့ပြင် ပူးပေါင်းကော်မတီက အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ ဆောင်ရွက်ဆဲ စီမံကိန်းများမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်သည့် အခြေအနေရှိသည့် စီမံကိန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်သို့ မရောက်စေဘဲ အပြီးဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲစီမံကိန်းများမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြီးပြတ်နိုင်ခြင်း မရှိသည့် စီမံကိန်းများမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်သည့် စီမံကိန်းများကို လုပ်ငန်းပြီးပြတ်အောင် ဘတ်ဂျက်ပါတွက်ချက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ စီမံကိန်းများကို ဝန်ကြီးဌာနအလိုက် ဦးစားပေး အစီအစဉ်များ ချမှတ်ကာ ဘဏ္ဍာငွေခွင့်ပြုနိုင်သည့် အနေအထားတွင် မူတည်၍ စီမံကိန်းအသစ်များကို ဆောင်ရွက်ရန်၊ စီမံကိန်းများကို ရေးဆွဲရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသည့် စီမံကိန်းများကို ဦးစားပေးရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent