ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ သီးသန့်တွေ့ဆုံဆွေးနွေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ သီးသန့်တွေ့ဆုံဆွေးနွေး
Published 2 March 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ မတ် ၂ ရက်က (၆) ကြိမ်မြောက်အဖြစ် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ ခေါင်းဆောင်နှစ်ဦး မတွေ့ဆုံမီ ဒေါ်အောင်ဆန်းစုကြည်က အောင်လံရှိ လူထုနှင့် မတ် ၂ ရက် မွန်းလွဲပိုင်း တွေ့ဆုံအပြီး နှုတ်ဆက်ရာတွင် “နေပြည်တော်မှာ အလုပ်ကိစ္စ တစ်ခုရှိလို့ အချိန်မီ သွားရောက်ရမယ်” ဟု ပြောကြားပြီး နှုတ်ဆက်ကာ အောင်လံမြို့မှ နေပြည်တော်သို့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် ထွက်ခွာသွားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်ရှိ နေအိမ်မှ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က ထွက်ခွာသွားပြီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမှာ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် စတင်ခဲ့ကြောင်း သိရသည်။    ခေါင်းဆောင်နှစ်ဦး နေပြည်တော်၌ သီးသန့်တွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်သမ္မတရုံးက အတည်ပြု ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရုံးမှ ရုံးအဖွဲ့မှူး ဒေါက်တာတင်မာအောင်က “NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ နေပြည်တော် လယ်တောအိမ်မှာ တွေ့ဆုံခဲ့ပါတယ်” ဟု အတည်ပြု ပြောကြားသည်။၎င်းက တွေ့ဆုံမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး အစိုးရဘက်က ထုတ်ပြန်လိမ့်မည်ဟု ဆိုသည်။အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က “ညနေ ၆ နာရီ ၁၀ မိနစ်ခန့်မှာ တွေ့ပါတယ်။ သမ္မတနဲ့ ဥက္ကဋ္ဌ နှစ်ဦးတည်းပဲ သီးသန့်တွေ့တာပါ။ မိနစ် ၃၀ ခန့်လောက် ကြာပါတယ်။ သမ္မတရဲ့ လယ်တောအိမ်မှာ တွေ့တာပါ” ဟု ပြောကြားသည်။သီးသန့်တွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “မှတ်ချက်မပေးလိုကြောင်း” ပြန်လည်ပြောကြားသည်။ထို့ပြင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ညနေ ၆ နာရီက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အသိပေး တင်ပြအပ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ထိုသို့ ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုသည် ၂၀၁၄ ခုနှစ် မတ် ၉ ရက် သီးသန်တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံး ဖြစ်သည်။ယင်းကဲ့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ ၃၀ မိနစ် ကြာမြင့်သည့် တွေ့ဆုံမှုနှင့်ပတ်သက်၍ “နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ် ၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်” ဟု မြန်မာ့ရုပ်မြင်သံကြား သတင်း၌ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ပထမဆုံး သီးသန့်တွေ့ဆုံမှု အပါအဝင် ငါးကြိမ်သီးသန့် တွေ့ဆုံမှုများ ရှိခဲ့ပြီး ယခုအကြိမ် အပါအဝင် ဆိုပါက (၆) ကြိမ်မြောက် ရှိလာပြီဖြစ်သည်။ပြည်ထောင်စုလွှတ်တော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အပါအဝင် နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အတည်ပြု တိုက်တွန်းခဲ့ရာ ယင်းခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဖြစ်အောင်လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြောကြားထားသည်။လေးပွင့်ဆိုင်တွေ့ဆုံမှုကို စတင်တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကမူ ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်း၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသား ရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ (၁) ပြုပြင်ပြောင်းလဲလိုသော ဆန္ဒအားနည်းခြင်း၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊ (၃) လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေအများစုဖြစ်သော တောင်သူလယ်သမားများ၏ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅) ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိလိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့် (၈) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စုအစိုးရက ယခုအထိ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်များကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ရာတွင် ဖော်ပြထုတ်ပြန်ခဲ့သည်။
 
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သီးသန့်တွေ့ဆုံမှုများ
ပထမအကြိမ်    - ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၉ဒုတိယအကြိမ် - ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၂တတိယအကြိမ် -  ၂၀၁၂ ခုနှစ်၊ သြဂုတ် ၁၂စတုတ္ထအကြိမ် - ၂၀၁၃ ခုနှစ်၊ သြဂုတ် ၃၁ပဉ္စမအကြိမ် - ၂၀၁၄ ခုနှစ်၊    မတ် ၉ဆဋ္ဌမအကြိမ် - ၂၀၁၅ ခုနှစ် မတ် ၂ 

Most Read

Most Recent