လောက်ကိုင်ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များ၏ အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း

လောက်ကိုင်ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များ၏ အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း
Published 1 March 2015

လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ၏ အခြေခံ လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီပေးရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါကြေညာချက်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားတိုင်း ၎င်းနယ်မြေရှိ ပြည်သူများသည် မြေစာပင်သဖွယ်ဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်များ ပေါ်ပေါက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များဖြစ်သော လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ထောက်ပံ့ပေးပါရန်နှင့် ဒုက္ခသည်များသို့ တန်းတူညီမျှပေးရန် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးသို့ မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။လောက်ကိုင်ဒေသ၌ ဖေဖော်ဝါရီ ၉ ရက်မှစတင်၍ တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တိုက်ပွဲဒေသအတွင်း ရောက်ရှိနေသော နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအနက် ထိခိုက်ကျဆုံးသူများ၊ ဒဏ်ရာရရှိသူများ၏ အရေအတွက်မှာလည်း များပြားလှသဖြင့် စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ကြောင်းလည်း MNHRC က ထည့်သွင်းထုတ်ပြန်ခဲ့ကာ လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖြစ်စေ၊ လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်ရေးသဘောအရ အရေးယူ ဆောင်ရွက်ရာတွင် ဖြစ်စေ၊ နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများအား ထိခိုက်မှု မရှိစေရေး အထူးသတိပြုသင့်ကြောင်းလည်း ကြေညာချက်တွင် တိုက်တွန်းထားသည်။ထို့ပြင် ယနေ့အချိန်အခါသည် အယူအဆ သဘောထား ကွဲလွဲမှုများကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် စတင်ဖြစ်ထွန်းနေပြီ ဖြစ်သဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ပါက ပြည်သူလူထုအတွက် စိတ်သက်သာဖွယ်ရာ ဖြစ်စေနိုင်မည်ဟု ယူဆကြောင်းနှင့် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ် ၆ဝ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းစေရန် အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ပါဝင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆင့်များစွာကို ကျော်လွှားခဲ့ပြီး ဖြစ်သည်ဟု ယူဆကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ယခု ဖြစ်ပွားသော လောက်ကိုင်ဒေသ လက်နက်ကိုင် ပဋိပက္ခမှာ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်လာမည်ကို ကော်မရှင်အနေဖြင့် စိုးရိမ်ပူပန်မှု ရှိကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။လက်ရှိတွင် လောက်ကိုင်ဒေသတွင်းနှင့် ၎င်းနှင့် ထိစပ်နေသော ဒေသများမှ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် နေရပ်ပြန် အလုပ်သမားများမှာလည်း လားရှိုးမြို့သို့ ရောက်ရှိလာနေဆဲဖြစ်ကြောင်း သိရသည်။  ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်အထိ ချင်းရွှေဟော်-ကွမ်းလုံ လမ်းတစ်လျှောက် ပစ်ခတ်မှုများ မရှိသော်လည်း ကွမ်းလုံမှ သိန္နီမြို့အကြားတွင် ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်ပြီး ချင်းရွှေဟော်မြို့ရှိ ဒေသခံများမှာ မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး အများစုမှာ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးနေကြောင်း သိရသည်။

Most Read

Most Recent