ဆန္ဒပြပွဲကြီးပြုလုပ်ရန် စီစဉ်ထားသည့် ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ် ကရင်မလင်အနီး၌ ပစ်သတ်ခံရ

ဆန္ဒပြပွဲကြီးပြုလုပ်ရန် စီစဉ်ထားသည့် ရုရှားအတိုက်အခံခေါင်းဆောင် နမ်ဆော့ဗ် ကရင်မလင်အနီး၌ ပစ်သတ်ခံရ
Published 1 March 2015
Ref:AFP

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းထန်စွာ ဝေဖန်သူတစ်ဦးဖြစ်သည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်သည် ဖေဖော်ဝါရီ ၂၇ ရက် နှောင်းပိုင်းက  ကရင်မလင်ခံတပ်အနီး လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ဒုတိယဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ်ဆော့ဗ် သတ်ဖြတ်ခံရမှုကို ရုရှားအစိုးရက ဆူပူအုံကြွရန် လှုံ့ဆော်မှုတစ်ရပ်ဟု အမည်တပ်ခဲ့သည်။ နမ်ဆော့ဗ်သည် ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်မည့် အတိုက်အခံဆန္ဒပြပွဲကြီးတစ်ရပ်ကို စီစဉ်ထားသူ ဖြစ်သည်။ 
 
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ယုတ်မာသည့် သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချလိုက်သည်။ အိုဘားမားသည် မော်စကိုသို့ လာရောက်စဉ် နမ်ဆော့ဗ်နှင့် တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန်လည်း ရုရှားကို တောင်းဆိုခဲ့သည်။ ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ရုရှားခေါင်းဆောင်သည် ကိုယ်ပိုင်ထိန်းချုပ်မှုအောက်၌သာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 
 
ယူကရိန်းကိစ္စ၌ ရုရှား ပါဝင်ပတ်သက်ခဲ့မှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည့် နမ်ဆော့ဗ်လုပ်ကြံခံရမှုသည် ကရင်မလင်အနီးရှိ တံတားတစ်ခုပေါ်၌ ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းသည် လှုံ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း ပက်စကော့က ရေဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။  
အလွန်ပြောင်ကျသော ယခုလုပ်ကြံသတ်ဖြတ်မှုသည် ပူတင်အာဏာရှိစဉ် ၁၅ နှစ်အတွင်း ထင်ပေါ်ကျော်ကြားမှုအရှိ ဆုံးပုဂ္ဂိုလ်များ လုပ်ကြံခံရမှုများထဲမှ တစ်ခုဖြစ်သည်။ ယင်းကဲ့သို့ လုပ်ကြံခံရမှုများထဲတွင် ၂ဝဝ၆ ခုနှစ်က ပူတင်၏ မွေးနေ့တွင် ပစ်သတ်ခံခဲ့ရသည့် အစိုးရဆန့်ကျင်ရေး သတင်းထောက် အင်နာပိုလစ်ကော့စကားယားလည်း ပါဝင်သည်။  

 

မော်စကိုမြို့လယ်ရှိ ပူတင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်အတွင်း နမ်ဆော့ဗ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ၁၅ ရက်က တွေ့ရစဉ်
 

စုံစမ်းစစ်ဆေးသူများက နမ်ဆော့ဗ်သည် ကရင်မလင်မှ မီတာအနည်းငယ်မျှသာ ဝေးသည့်တံတားပေါ်၌ ယူကရိန်း အမျိုးသမီးတစ်ဦးနှင့်အတူ လမ်းလျှောက်နေစဉ် အမည်မသိလူများက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
 
“အစောပိုင်းရရှိတဲ့ သတင်းတွေအရ အမည်မသိလူတစ်ဦးက ဘော်ရှိုအိမိုကာဗိုရက်စကီး တံတားပေါ်မှာ လမ်းလျှောက်နေတဲ့ နမ်ဆော့ဗ်ကို ကားတစ်စီးပေါ်ကနေ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်သွားတာလို့ သိရပါတယ်” ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ 
 
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ယေလီနာအလက်ဆေယေဗာက နမ်ဆော့ဗ်ကို ကျည်ဆန်လေးတောင့် ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 
 
အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ကရင်မလင်၏ အနီရောင်တံတိုင်းများအနီးရှိ တံတား၏ ဘေးဘက်ခြမ်း မိုးရေစိုနေသည့် ပလက်ဖောင်းပေါ်တွင် သွေးကွက်တစ်ကွက်ကို နှင်းဆီပွင့်များနှင့်အတူ မြင်တွေ့ရသည်ဟု သတင်းပို့ခဲ့သည်။ အခင်းဖြစ်ပွားရာ ယင်းနေရာကို ရဲတပ်ဖွဲ့က အကာအရံ အတားအဆီးတစ်ခု ချထားသည်ဟု ဆိုသည်။ အသတ်မခံရမီ နာရီပိုင်းအနည်းငယ်အလိုက ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် နမ်ဆော့ဗ်၏အသံသည် တုန်လှုပ်မှုမရှိဘဲ လမ်းများပေါ်သို့ထွက်၍ တနင်္ဂနွေနေ့တွင် စီစဉ်ထားသည့် အဓိက အတိုက်အခံဆန္ဒပြပွဲကြီး၌ ပူးပေါင်းပါဝင်ရန် ရုရှားနိုင်ငံသားများအား တောင်းဆိုခဲ့သည်။ 
 
သူက “အဓိက နိုင်ငံရေးတောင်းဆိုချက်ကတော့ ယူကရိန်းစစ်ပွဲကို ချက်ချင်း အဆုံးသတ်ဖို့ပါပဲ”ဟု ရေဒီယိုမှတစ်ဆင့် ပြောကြားခဲ့ပြီး ပူတင်နုတ်ထွက်ပေးသင့်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent