ပီအာရ်စနစ်နှင့်ပတ်သက်သော ဥပဒေကြမ်းရေးဆွဲခြင်းမရှိသေးသည့်အတွက် ခုံရုံးအနေဖြင့် ဥပဒေကြမ်းပေါ်ပေါက်ပြီးမှသာ ဆုံးဖြတ်မည်ဟု ခုံရုံးဆုံးဖြတ်

ပီအာရ်စနစ်နှင့်ပတ်သက်သော ဥပဒေကြမ်းရေးဆွဲခြင်းမရှိသေးသည့်အတွက် ခုံရုံးအနေဖြင့် ဥပဒေကြမ်းပေါ်ပေါက်ပြီးမှသာ ဆုံးဖြတ်မည်ဟု ခုံရုံးဆုံးဖြတ်
Published 27 February 2015
စိုးမင်းထိုက်

ပီအာရ်စနစ်နှင့်ပတ်သက်သော ဥပဒေကြမ်းရေးဆွဲရခြင်းမရှိသေးသည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဥပဒေကြမ်းပေါ်ပေါက်ပြီးမှသာ ဆုံးဖြတ်မည်ဟု ခုံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင်ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ပီအာရ်စနစ်နှင့်ပတ်သက်၍ ဥပဒေကြမ်းမရေးဆွဲရသေးသည့်အတွက် ဥပဒေကြမ်းရေးဆွဲပြီးမှသာ ခုံရုံးအနေဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ယခုအဆင့်တွင် ဆုံးဖြတ်၍မရသေးကြောင်း ခုံရုံးကဆုံးဖြတ်ခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ တော်ဝင်-ဦးခင်မောင်သန်းကပြောကြားသည်။"အဲဒီလိုဥပဒေမထွက်သေးတဲ့အတွက် ကျွန်တော်တို့တင်ထားတာစောတယ်ပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေကြမ်းရေးဆွဲပြဋ္ဌာန်းလာပြီဆိုရင်တော့ အဲဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ မညီ ဆုံးဖြတ်ပေးမယ်လို့ပြောပါတယ်။ ဒီအဆင့်မှာတော့ လျှောက်လို့မရသေးဘူးပေါ့။ ဥပဒေကြမ်းကိုစောင့်ရဦးမယ်ပေါ့။ ဥပဒေကြမ်းတင်လာမှသာ ဆုံးဖြတ်မယ်လို့ ခုံရုံးကပြောပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ တော်ဝင်-ဦးခင်မောင်သန်းကပြောကြားသည်။အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးရန်အတည်ဖြစ်ခဲ့ခြင်းအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်အပါအဝင် ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဦးအောင်ကြည်ညွန့်က "ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံနဲ့ ညီ မညီဆုံးဖြတ်ပေးဖို့ ခုံရုံးကိုတင်ခဲ့တာပါ။ ခုံရုံးကို တစ်ဖက်က ရှေ့နေချုပ်ရုံးက ဥပဒေကြမ်းမထွက်သေးတဲ့အတွက် ဥပဒေကြမ်းထွက်မှသာ ကြားနာစစ်ဆေးမယ်ဆိုပြီး လျှောက်လဲချက်ပေးတယ်လို့သိရပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ "အရင်တုန်းက စီရင်ခဲ့တာတွေရှိတယ်လေ။ ပြည်သူ့လွှတ်တော်မှာ ပီအာရ်နဲ့ပတ်သက်ပြီးတော့ ကျင့်သုံးဖို့ သင့် မသင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကမေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံနဲ့မညီဘူးဆိုပြီးတော့ ချက်ချင်းအကြောင်းပြန်တယ်။ ဝှိုက်ကတ်ကိစ္စတုန်းကလည်း ခုံရုံးကဆုံးဖြတ်ပေးခဲ့တာပဲ။ အခုကျတော့မှ ဥပဒေကြမ်းမထွက်သေးလို့ဆိုပြီးဆုံးဖြတ်တယ်" ဟု ဦးအောင်ကြည်ညွန့်ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများမှ တိုက်ရိုက်မေးမြန်းစဉ်က ဆုံးဖြတ်ပေးခဲ့ကြောင်း ဦးအောင်ကြည်ညွန့်က သုံးသပ်ပြောကြားသည်။ဦးအောင်ကြည်ညွန့်က "ကိုယ်စားလှယ်တွေရဲ့ ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီးမေးမြန်းတယ်ဆိုတာလည်း ဆုံးဖြတ်ပေးမယ် ယုံကြည်လို့တင်ခဲ့တာပါ။ အခုတော့ ရှေ့နေချုပ်ရုံးက ဥပဒေကြမ်းမရှိသေးလို့ဆိုတာနဲ့ ခုံရုံးကလည်း အခုကြားနာမှုတွေလုပ်လို့မရသေးဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်မယ်။ ဥပဒေကြမ်းပေါ်တဲ့အထိစောင့်ရမှာပေါ့" ဟုပြောကြားသည်။ပီအာရ်နှင့်ပတ်သက်သည့် ဥပဒေကြမ်းထွက်ရှိလာချိန်အထိ ဆက်လက်စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းပေါ်ပေါက်လာပါက ဆက်လက်ကန့်ကွက်မည်ဖြစ်ကြောင်း၊ ခုံရုံးသို့ ထပ်မံတင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင်ကရေးဆွဲမည် မရေးဆွဲမည်ကိုမသိကြောင်း၊ မည်သည့်အဖွဲ့က ရေးဆွဲနေမှန်းမသိကြောင်း ဦးအောင်ကြည်ညွန့်ပြောကြားသည်။    

Most Read

Most Recent