အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်အပေါ် တုံ့ပြန်ဝါဒဖြန့်မှုများပါဝင်သည့် ၄၂ မျက်နှာပါ သဘောထားမှတ်ချက်ပျံ့နှံ့နေမှုကို ပညာရေးဝန်ကြီးဌာနက တရားဝင်ရှင်းလင်းရန်လိုအပ်

အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်အပေါ် တုံ့ပြန်ဝါဒဖြန့်မှုများပါဝင်သည့် ၄၂ မျက်နှာပါ သဘောထားမှတ်ချက်ပျံ့နှံ့နေမှုကို ပညာရေးဝန်ကြီးဌာနက တရားဝင်ရှင်းလင်းရန်လိုအပ်
Published 27 February 2015
နေထွန်းနိုင်၊ သက်မျိုးမင်း

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် တုံ့ပြန်ဝါဒဖြန့်ချိမှုများပါဝင်နေသည့် စာမျက်နှာ (၄၂) မျက်နှာပါ သဘောထားမှတ်ချက်ပျံ့နှံ့နေမှုအား ပညာရေးဝန်ကြီးဌာနမှ တရားဝင်ရှင်းလင်းရန်လိုအပ်လာကြောင်း သိရသည်။    ပညာရေးဝန်ကြီးဌာန၏သဘောထားမှတ်ချက်အနေဖြင့် ပျံ့နှံ့နေခဲ့သော ၄၂ မျက်နှာသဘောထားမှတ်ချက်၏အနှစ်ချုပ်တွင် အချက် (၁၀) ချက်ဖော်ပြခဲ့ပြီး ထိုအချက်များက ပညာရေးပြုပြင်ပြောင်းလဲမှုလိုလားနေသူများ၊ ဆရာနှင့်ကျောင်းသားများကို သွေးခွဲရန်တိုက်ပေးလိုက်သကဲ့သို့ဖြစ်နေသည်။    ထို့အပြင် အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့သည် အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်သော လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ NNER နှင့် ကျောင်းသားကိုယ်စားလှယ်များတင်သွင်းသည့်အချက်များ၊ ပြင်ဆင်ချက်ဥပဒေကြမ်းကို ဆွေးနွေးပွဲကာလအတွင်း သဘောတူလက်ခံခဲ့ပြီး လွှတ်တော်၌ဆွေးနွေးချိန်ရောက်ခါနီးတွင် လက်မခံတော့သည့်ပုံစံမျိုးဖြစ်လာချိန်၌ ၄၂ မျက်နှာသဘောထားမှတ်ချက်ထွက်ရှိလာခြင်းဖြစ်သည်။ အဆိုပါသဘောထားမှတ်ချက်၏အနှစ်ချုပ်တွင် NNER နှင့် ကျောင်းသားကိုယ်စားလှယ်များတင်သွင်းသည့် ပြင်ဆင်ချက်ဥပဒေကြမ်းသည် (၁) မူလအမျိုးသားပညာရေးဥပဒေ၏အနှစ်သာရကို ဖျက်ဆီးလိုက်သည်၊ (၂) တည်ဆဲဥပဒေများကိုပယ်ဖျက်သည်/မလိုက်နာသည့်ဥပဒေဖြစ်သည်၊ (၃) အစိုးရ၏အုပ်ချုပ်ရေးယန္တရားကို ဤဥပဒေကိုအခြေပြုပြီးဖျက်ဆီးသည်၊ (၄)ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ်ကျော်လွှားချိုးဖောက်သည်၊ (၅) လက်ရှိ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုထိပါး၍ ကွန်မြူ နစ်ဝါဒဖြင့် ပညာရေးကိုခြေကုတ်ယူသည်၊ (၆) ၁၉၂၀ ခုနှစ်၊ ကွန်မြူနစ်အခြေပြုကျောင်းသားသမဂ္ဂများကို ကျောင်းများ/တက္ကသိုလ်များတွင် ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားများကိုလွှမ်းမိုးနိုင်ရန်၊ (၇) ပညာအရည်အသွေးမြှင့်တင်မှုကိုအလေးမထားပါ၊ (၈) ပညာရှင်ပြုစုပျိုးထောင်မှု/ထူးချွန်သူအားပေးမှု၊ ဆောင်ရွက်မည့်အစီအစဉ်အားလုံးကို ပယ်ဖျက်ထားသည်၊ (၉) အကယ်၍ ဤပြဋ္ဌာန်းချက်အတိုင်းအတည်ဖြစ်ပါက ပညာရေးအရည်အသွေးကျဆင်းခြင်း၊ ကျောင်းများ တက္ကသိုလ်များ စနစ်တကျမရပ်တည်နိုင်ခြင်း၊  ဝန်ထမ်းများရပ်တည်နိုင်ရေးအတွက် မတည်မငြိမ်စိတ်မအေးဖွယ်ဖြစ်ခြင်း၊ (၁၀) နယ်ဒေသရှိတက္ကသိုလ်များ ဆရာမရှိ၍ ရပ်တည်ရန်ခက်ခဲခြင်းများကြောင့် နိုင်ငံတော်တည်ငြိမ်မှု/ဖွံ့ဖြိုးတိုးတက်မှုတို့ကိုထိခိုက်စေသည့် "အထိန်းအကွပ်မဲ့ပညာရေးစနစ်" ဖြစ်လာနိုင်ပါသည် စသဖြင့်ဖော်ပြခဲ့ပါသည်။    ဖော်ပြပါ အချက် ၁၀ ချက်သည် အမျိုးသားပညာရေးဥပဒေပြင်ဆင်မှုအပေါ်  လုပ်ဆောင်နေသောလှုပ်ရှားမှုများအား အစဉ်တစိုက် တိုက်ခိုက်ဝါဒဖြန့်ချိနေသူများ၏ သဘောထားအာဘော်အတိုင်းဖြစ်နေခြင်းက ထူးခြားမှုဖြစ်ခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် အစိုးရကိုလည်း မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။    ၄၂ မျက်နှာပါသဘောထားမှတ်ချက်အတွက် ပညာရေးဝန်ကြီးဌာနက တရားဝင်ပြောဆိုမှုမရှိသော်လည်း ယင်းသဘောထားမှတ်ချက်ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ပါမောက္ခများ၊ နည်းပြများထံသို့ ပညာရေးဝန်ကြီးဌာနက လျှို့ဝှက်ဖြန့်ချိမှုပြုလုပ်ထားကြောင်း NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောကြားသည်။    "တက္ကသိုလ်ကျောင်းတွေအသီးသီးမှာ ပါမောက္ခချုပ်တွေကိုယ်တိုင် ဒီစာပါအချက်အလက်တွေအများစုကို ဖြန့်ဝေတယ်။ ဆွေးနွေးပွဲမှာ ဒီအချက်အလက်တွေကိုပဲဆွေးနွေးကြတယ်။ ဆရာ၊ ဆရာမတွေကလည်း ဒီအချက်အလက်တွေကိုပဲ ကျောင်းသားတွေကိုပြောကြတယ်" ဟု ဒေါက်တာအာကာမိုးသူကဆိုသည်။
၄၂ မျက်နှာပါ သဘောထား မှတ်ချက်အတွက် ပညာရေးဝန်ကြီးဌာနက တရားဝင်ပြောဆိုမှုမရှိသော်လည်း ယင်းသဘောထားမှတ်ချက်ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ပါမောက္ခများ၊ နည်းပြများထံသို့ ပညာရေးဝန်ကြီးဌာနက လျို့ဝှက်ဖြန့်ချိမှုပြုလုပ်ထားကြောင်း  .  .  .

၄၂ မျက်နှာပါသဘောထားမှတ်ချက်များကို တရားဝင်မဟုတ်ဘဲ ဝါဒဖြန့်အနေဖြင့် လျို့ဝှက်ဖြန့်ချိနေချိန်တွင် ၄၂ မျက်နှာသဘောထားမှတ်ချက်အနှစ်ချုပ် ၁၀ ချက်တွင်ပါဝင်သော ဖွင့်ဆိုချက်များနှင့် တူညီမှုရှိသည်ဟု ယူဆရသော အဓိပ္ပာယ်သတ်မှတ်မှုများ၊ ပြောဆိုချက်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်၏ Facebook တွင်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)၏ Facebook တွင်လည်းကောင်း ယခုရက်ပိုင်းအတွင်းတွေ့မြင်နေရသည်။    အခြားတစ်ဖက်တွင်လည်း လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှ ဝါဒဖြန့်ချိသူများက အဆိုပါ ၄၂ မျက်နှာသဘောထားမှတ်ချက်ကို အဆင့်ဆင့်ဖြန့်ဝေပြီး ကျောင်းသားကိုယ်စားလှယ်များ၊ NNER နှင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ပြောင်းလဲလိုသူများ၏သဘောထားများကို ပုံဖျက်ပြောဆိုခြင်းများအား ကျယ်ကျယ်လောင်လောင်ပြုလုပ်လာခဲ့သည်။    အစိုးရသတင်းစာများ၌လည်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြပေးမည်ဟုဆိုကာ အမျိုးသားပညာရေးဥပဒေမပြင်ဆင်လိုသည့် အာဘော်ထင်ဟပ်စေသည့်ဆောင်းပါးများကို ဆက်တိုက်ဖော်ပြခြင်း၊ သံဃာအဖွဲ့အစည်းများ၏အကြံပြုချက်များကို ပြန်လည်ဖော်ပြခြင်းများဖြင့် မပြင်ဆင်ရေးဘက်ယိမ်းသောအယူအဆများကို ဆက်တိုက်ဖော်ပြခဲ့သည်။အမျိုးသားပညာရေးဥပဒေမပြင်ဆင်ရေးဘက်တွင်ရှိနေသည်ဟုယူဆရသော အစိုးရသတင်းစာများ၏ဖော်ပြချက်များ၊ အင်တာနက်ပေါ်မှ ဝါဒဖြန့်ချိမှုများအနက် ပညာရေးဝန်ကြီးဌာန၏သဘောထားဟုဆိုသော ၄၂ မျက်နှာ သဘောထားမှတ်ချက်နှင့်  အနှစ်ချုပ်မှာ ဆိုးရွားသောဝါဒဖြန့်ချိမှုဖြစ်ခဲ့သည့်အပြင် အခြေအနေများကိုပိုမိုရှုပ်ထွေးအောင် လုပ်လိုက်ခြင်းဖြစ်သည်ဆိုသော ရှုမြင်မှုများရှိခဲ့သည်။    ၄၂ မျက်နှာ သဘောထားမှတ်ချက် ဝါဒဖြန့်ချိမှုမထွက်ပေါ်မီအချိန်ကလည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်ကို  ဘာသာရေးဆိုင်ရာကိစ္စရပ်များနှင့် ရောထွေးပုံဖျက်ပြောဆိုခြင်းများလည်းရှိခဲ့သည်။
ဘာသာရေးဖြင့်ပုံဖျက်မှု အောင်မြင်မှုမရချိန်တွင် ၄၂ မျက်နှာသဘောထားမှတ်ချက်ထွက်လာပြီး ဝါဒဖြန့်ချိပုံဖျက်ပြောဆိုသူများ တစ်ကျော့ပြန်ခေါင်းထောင်လာခဲ့ပါသည်။ အထူးသဖြင့် ၄၂ မျက်နှာသဘောထားမှတ်ချက်တွင် ကျောင်းသားများကို ကွန်မြူနစ်များဖြစ်သည်ဟုစွပ်စွဲခဲ့ပြီး အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်လိုက်သည်နှင့် ပျက်စီးမှု၊ မတည်ငြိမ်မှုများဖြစ်လာနိုင်သည်ဟူသော သွေးခွဲမှုများကို . . .

ထိုသို့ ဘာသာရေးဖြင့် ပုံဖျက်ပြောဆိုကြရာတွင် ပြင်ဆင်လိုက်သည့်ဥပဒေသည် ဘာသာရေးနှင့်သက်ဆိုင်သောကျောင်းများကို လွတ်လပ်ခွင့်ပေးထားသဖြင့် အမျိုးသားလုံခြုံရေးကိုထိပါးလာနိုင်သည်ဆိုသော စွပ်စွဲမှုများ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ပြင်ဆင်သည့်ဥပဒေကို သေချာစွာလေ့လာခြင်းမရှိဘဲ ဘာသာရေးဖြင့် ရောထွေးပုံဖျက်ပြောဆိုမှုများကို အထင်ဖြင့် ပြန်လည်ဖြန့်ဝေခဲ့သူများစွာရှိခဲ့ပြီး ထိုသူများထဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေလည်းပါဝင်ခဲ့သည်။    သို့သော် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် မူလပြဋ္ဌာန်းထားသည့်ဥပဒေ၌ပါဝင်သည့်အတိုင်း အခန်း ၁၄၊ ပုဒ်မ ၆၈ (က) အဖြစ် "ဘာသာရေးကိုသာသီးသန့်သင်ကြားပေးသောကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ" ဟူသောအချက်ကို ဖြုတ်ပယ်ခြင်းမရှိဘဲ ဆက်လက်ထည့်သွင်းကြောင်း NNER ဘက်က ပြန်လည်ရှင်းလင်းမှုများပြုလုပ်ခဲ့ပြီးနောက် ဘာသာရေးဖြင့်ပုံဖျက်ရန်ကြိုးစားမှုများ နှုတ်ဆတ်သွားခဲ့ပါသည်။    ထိုသို့ ဘာသာရေးဖြင့်ပုံဖျက်မှုအောင်မြင်မှုမရချိန်တွင် ၄၂ မျက်နှာ သဘောထားမှတ်ချက်ထွက်လာပြီး ဝါဒဖြန့်ချိ ပုံဖျက်ပြောဆိုသူများ တကျော့ပြန်ခေါင်းထောင်လာခဲ့ပါသည်။    အထူးသဖြင့် ၄၂ မျက်နှာ သဘောထားမှတ်ချက်တွင် ကျောင်းသားများကို ကွန်မြူ နစ်များဖြစ်သည်ဟုစွပ်စွဲခဲ့ပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်လိုက်သည်နှင့် ပျက်စီးမှု၊ မတည်ငြိမ်မှုများဖြစ်လာနိုင်သည်ဟူသော သွေးခွဲမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။      "ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ၊ ပြည်သူတွေကြားမှာ သွေးခွဲသပ်လျှိုမှုပဲလို့ ဒီစာကိုသဘောထားတယ်။ ဒါဟာ လူကြီးလူကောင်းလုံးဝမဆန်ပါဘူး။ ကလေးတွေက လူကြီးလူကောင်းမဆန်တာမဟုတ်ဘူး။ လူကြီးတွေက လူကြီးလူကောင်းမဆန်တာပါ။ နောက်တစ်ခုက ကျောင်းသားတွေကို ကွန်မြူနစ်လို့ပြောတယ်။ အမျိုးသားနေ့ပေါ်ပေါက်ခဲ့တဲ့ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်လိုဖြစ်ရပ်မျိုးကိုတောင် ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်စွပ်စွဲတာဟာ သူတို့သမိုင်းမကျေဘူးလို့ပဲယူဆပါတယ်။ တစ်ခုခုဆို ကွန်မြူနစ်လို့တံဆိပ်ကပ်တဲ့ နဝတ၊ နအဖ အစိုးရလက်ထက်အကျင့်တွေပါ" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းကပြောကြားသည်။    "သူတို့ဒီလိုလုပ်မယ့်အနေအထားကိုသိလို့ လေးပွင့်ဆိုင်မှာဆွေးနွေးဖို့ပြောပါတယ်။ ဒါပေမဲ့ (သူတို့) မဆွေးနွေးဘဲနဲ့ အကုန်လုံးကိုသဘောတူပေးလိုက်တယ်။ ပြီးတော့မှ သဘောထားမှတ်ချက်ဆိုပြီး တိတ်တိတ်လေးစာထုတ်တာဟာ တော်တော်ကိုအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးသုံးလိုက်တာပါ" ဟု စီးပွားရေးတက္ကသိုလ်aကျာင်းသားသမဂ္ဂမှ ကိုဇေယျာလွင်ကပြောကြားသည်။    ဝါဒဖြန့်ချိမှုများဖြင့် နိုင်ငံရေးအောက်လုံးသုံးထားသည်ဟုယူဆရသော ၄၂ မျက်နှာပါ သဘောထားမှတ်ချက်ပျံ့နှံနေခြင်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနသို့မေးမြန်းခဲ့ရာ အတည်ပြုပြောကြားနိုင်သူမရှိခဲ့ပေ။    "ဘယ်သူကဘာမှမထုတ်ပြန်ပါဘူး။ ထုတ်ပြန်ရင်လည်း တရားဝင်ထုတ်ပြန်မှာပါ။ အွန်လိုင်းပေါ်မှာပျံ့နှံ့နေတယ်ဆိုတာကလည်း ဘယ်သူတွေလျှောက်ဖြန့်နေလဲမှမသိတာ" ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၊  ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီမှ တာဝန်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။    ပညာရေးဝန်ကြီးဌာနမှ အတည်ပြုပြောကြားသူမရှိသော်လည်း ဖေဖော်ဝါရီ ၂၇ ရက်ထုတ် မဇ္ဈိမသတင်းစာတွင်ဖော်ပြခဲ့သော "ပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းသည် ကွန်မြူနစ်ပညာရေးဝါဒကိုခြေကုပ်ယူဟု မှတ်ချက်ပေး" သတင်း၌ အဆိုပါ ၄၂ မျက်နှာပါသဘောထားမှတ်ချက်ကို  ပညာရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီသို့ ပေးပို့ထားကြောင်းဖော်ပြခဲ့သည်။    ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ ၄၂ မျက်နှာပါ သဘောထားမှတ်ချက်အနှစ်ချုပ်တွင် ဝါဒဖြန့်စွပ်စွဲပြောဆိုမှုများ၊ အချက်အလက်မှားယွင်းဖော်ပြထားခြင်းများအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီတွင် အဓိကတာဝန်ရှိမည်ဖြစ်ပါသည်။    ဒေါ်ခင်စန်းရီသည်၁၉၈၇ ခုနှစ်မှ ၂၀၁၂  ခုနှစ်ကာလအတွင်း ဒေသကောလိပ်နည်းပြရာထူးမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်တာဝန်အထိ အဆင့်ဆင့်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။

Facebook တွင်ပျံ့နှံ့နေသော စာမျက်နှာ ၄၂ မျက်နှာပါသဘောထားမှတ်ချက်နောက်ဆုံးစာမျက်နှာအား တွေ့ရစဉ်
ပညာရပ်ဆိုင်ရာ Academic နေရာမှ နိုင်ငံရေးနယ်ပယ် Politician နေရာသို့ရောက်ရှိလာသော ဒေါ်ခင်စန်းရီသည် ရောက်ရှိလာသည့်နေရာနှင့် ထိုက်တန်သောအရည်အသွေး ပြသနိုင်စွမ်းမရှိသူအဖြစ် အမျိုးသားပညာရေးဥပဒေအငြင်းပွားမှုများက သက်သေခံနေကြောင်း ဝေဖန်မှုများရှိခဲ့သည်။    ထိုဝေဖန်မှုများရှိနေချိန်၌ ၄၂ မျက်နှာပါ ပညာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ထွက်လာချိန်တွင်မူ ခေတ်အဆက်ဆက် စီးပွားရေးတက္ကသိုလ်များမှထွက်ပေါ်လာခဲ့သည့် အချို့သောအာဏာရှင်အလိုကျ ဝါဒဖြန့်ချိရေးသမားများ၊ မူဝါဒချမှတ်သူများနှင့် ဒေါ်ခင်စန်းရီကို တန်းတူသတ်မှတ်ပြောဆိုမှုများ ဆက်လက်ထွက်ပေါ်လာခဲ့သည်။    အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီး ကျောင်းသားထု၏မကျေနပ်မှုများမှာ ဥပဒေစတင်ထွက်ပေါ်လာချိန်တွင် ပြင်းထန်လာခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကျောင်းသားထု၏ အရေးပေါ်အစည်းအဝေး၊ ဆန္ဒထုတ်ဖော်မှုများပေါ်ပေါက်လာပြီး ရက်ပေါင်း ၆၀ အတွင်းပြင်ဆင်ပေးရန်တောင်းဆိုသော်လည်း အစိုးရဘက်က လိုက်လျောခြင်းမရှိခဲ့ပေ။    ထို့ကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဥပဒေပြင်ဆင်ရေးအတွက် မန္တလေးမှရန်ကုန်သို့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားသပိတ်စစ်ကြောင်းပေါ်လာခဲ့သည်။    ကျောင်းသားသပိတ်စစ်ကြောင်းအား ပြည်သူလူထု၏ထောက်ခံမှုရလာချိန်တွင် ကျောင်းသားများနှင့်ဆွေးနွေးရန် ဇန်နဝါရီ ၂၈ ရက်တွင် အစိုးရဘက်က ကမ်းလှမ်းလာခဲ့ပြီး ကျောင်းသားများတောင်းဆိုသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို သဘောတူခဲ့ပါသည်။    ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်၌ လေးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ကြိမ်ပြုလုပ်ပြီး နေပြည်တော်၊ ပညာရေးဝန်ကြီးဋ္ဌာန၌ ဖေဖော်ဝါရီ ၃ ရက်တွင်ပြုလုပ်မည့်ဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၄ ရက်များတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခဲ့ပြီး ကျောင်းသားများ၏တောင်းဆိုချက်များကိုလိုက်လျောခဲ့ကာ NNER ၏ အမျိုးသားပညာရေးပြင်ဆင်မှုဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပေးမည်ဟု  အစိုးရပိုင်းကပြောဆိုခဲ့သည်။    သို့သော် မူလခန့်မှန်းရက်အတွင်း ပြင်ဆင်ချက်ဥပဒေကြမ်းကို ဆွေးနွေးနိုင်ခြင်းမရှိခဲ့ဘဲ အချိန်ကြန့်ကြာမှုများရှိခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်ဆင်ချက်ဥပဒေကြမ်းအပေါ် ကြားနာချက်အား မတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရှစ်ရက်ကြာ၊ ကြားနာမှုပြုလုပ်မည်ဟုထုတ်ပြန်ခဲ့သည်။    ထိုသို့ ကြားနာမှုမပြုမီအချိန်အတွင်း အမျိုးသားပညာရေးပြင်ဆင်ချက်ဥပဒေကြမ်းအပေါ် ပုံဖျက်ပြောကြားမှုများ ဆက်တိုက်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဟူ၍ ၄၂ မျက်နှာပါဖြန့်ဝေစာနှင့်ပတ်သက်သော အမြင်များ"လေးပွင့်ဆိုင်ဆွေးနွေးထားတဲ့အတွက် ပြီးပြီလို့ထင်ရတဲ့အချိန်မှာ အခုလိုဝါဒဖြန့်ချိရေးကို အစွမ်းကုန်သုံးပြီး ငယ်ရွယ်တဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်တဲ့ ကျောင်းသားသပိတ်ကိုပုံဖျက်နေတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံဘူး။ ဒီလိုဝါဒဖြန့်ချိ ရေးရဲ့နောက်ကွယ်မှာ အာဏာရှင်တွေရဲ့ ကျောင်းသားသမိုင်းအစဉ်အလာအပေါ် အကြောက်တရားကိုမြင်နေရတယ်။ ညှိနှိုင်းစရာရှိတာကိုတော့ညှိနှိုင်းရမှာပါ။ ဒါပေမဲ့ သမ္မတနဲ့လွှတ်တော်ကိုတော့ ကတိတည်စေချင်ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့နဲ့လွှတ်တော်က ဆုံးဖြတ်နိုင်စွမ်းရှိတဲ့သူတွေပါဝင်ဆွေးနွေးခဲ့တဲ့အတွက် အစိုးရရဲ့ကတိအတိုင်း ဥပဒေပေါ်ထွက်လာရေးကို တာဝန်ယူရလိမ့်မယ်။ မလိမ့်တပတ်လုပ်တာ၊ လိမ်လည်လှည့်ဖြားတာ၊ ကတိဖျက်တာ လူထုကမကြိုက်ဘူး။ ဒီလိုလုပ်တာကို မတရားမှုတစ်ခုလို့ပဲ ကျွန်တော်ကတော့မြင်တယ်"ဒေါက်တာသန်းထွဋ်အောင် (CEO,Eleven Media Group)"ကျောင်းသားတွေတောင်းဆိုတဲ့ ၁၁ချက်ကို သဘောတူခဲ့တဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းကလည်း ပညာရေးဝန်ကြီးဒေါ်ခင်စန်းရီက အလွယ်တကူသဘောတူခဲ့တယ်။ အဲဒီထဲကသံသယရှိနေတာ။ အခုက တစ်ကွက်ချန်ထားပြီး လုပ်သလိုဖြစ်နေတယ်။ သဘောတူလက်ခံပြီးတော့မှ သဘောမတူတော့ပါဘူးဆိုတဲ့သဘောပဲ။ လူကြီးလူကောင်းကတိကဝတ်လုံးဝမရှိဘူး။ ဒီလိုလုပ်ရပ်မျိုးတွေဟာ ပညာရေးအဖွဲ့အစည်းနဲ့တောင် မတန်တော့ဘူးပဲထင်တယ်။ ကတိကဝတ်ချိုးဖောက်တဲ့လူတွေကအုပ်ချုပ်နေတဲ့အတွက် ဘယ်လိုမှမကောင်းနိုင်ဘူး။ ကျောင်းသားသပိတ်ကို ဆူပူမှုလို့ပြောနေသူတွေဟာ ဆူပူမှုမဖြစ်ဖြစ်အောင် သူတို့အဓိကလုပ်နေတာလို့ပဲပြောချင်တယ်"                                  ဒေါက်တာအာကာမိုးသူ  (NNER အဖွဲ့ဝင်)"အစိုးရဘက်က သမ္မတရုံးဝန်ကြီးဦးလှထွန်းလက်မှတ်ထိုးတယ်။ ကျန်တဲ့လူတွေကလည်းလက်မှတ်ထိုးပြီးမှ သဘောတူညီမှုရထားတာ။ အဲဒါကို ပြီးမှ သဘောမတူပါဘူးဆိုပြီးလုပ်လို့မရဘူး။ လူကြီးလူကောင်းမဆန်သလို ဥပဒေအရပြောရရင် ဒါဟာ အလုပ်ကတောင်ထုတ်ပစ်လို့ရတဲ့အနေအထား။ နောက်ပြီး ကွန်မြူနစ်လို့စွပ်စွဲတာကလည်း အစိုးရနဲ့အတိုက်အခံဆိုရင် အကုန်ကွန်မြူနစ်လို့စွပ်စွဲနေတာ။ ဒီလိုအကျင့်ပျက်၊ အကျင့်ဟောင်းကြီးတွေဟာ တော်လောက်ပါပြီ။ ဒါမျိုး မဟုတ်တမ်းတရားတွေလျှောက်ပြောနေတာ အစိုးရမို့လို့။ မဟုတ်ရင် အသရေဖျက်မှုနဲ့တရားတောင်စွဲလို့ရတယ်"တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် (ရှေ့နေများကွန်ရက်)    "ပထမဆုံးစာမျက်နှာမှာကိုကတည်းက တော်တော်လက်လွတ်စပယ်နိုင်တာကိုတွေ့ရတယ်။ အစောကြီးကတည်းက သူတို့ဒီလိုလုပ်မယ့်အနေအထားကိုသိလို့ လေးပွင့်ဆိုင်မှာဆွေးနွေးဖို့ပြောပါတယ်။ ဒါပေမဲ့ မဆွေးနွေးဘဲနဲ့ အကုန်လုံးကိုသဘောတူပေးလိုက်ပါတယ်။ ပြီးတော့မှ သဘောထားမှတ်ချက်ဆိုပြီး တိတ်တိတ်လေးစာထုတ်တာဟာ တော်တော်ကိုအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးသုံးလိုက်တာပါ"ကိုဇေယျာလွင်  (ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဝင်)"ကျောင်းသားနဲ့ဆရာတွေကြားမှာ ပြည်သူကြားမှာ သွေးခွဲသပ်လျှိုမှုလို့ပဲ ဒီစာကိုသဘောထားတယ်။ အခုလိုနှိုင်းယှဉ်ဖော်ပြတာကိုလက်ခံပါတယ်။ ကျယ်ပြန့်တာကောင်းပါတယ်။ ဒါပေမဲ့ တကယ်ဆွေးနွေးခဲ့တုန်းက အချက်အလက်တွေကိုလက်မခံနိုင်ရင် ပြီးပြီးရောသဘောမတူသင့်ဘူး။ ဒါဟာ လူကြီးလူကောင်းလုံးဝမဆန်ပါဘူး။ ကလေးတွေက လူကြီးလူကောင်းမဆန်တာမဟုတ်ဘူး။ လူကြီးတွေက လူကြီးလူကောင်းမဆန်တာပါ။ နောက်တစ်ခု ကျောင်းသားတွေကိုကွန်မြူနစ်လို့ပြောတယ်။ အမျိုးသားနေ့ပေါ်ပေါက်ခဲ့တဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်လိုဖြစ်ရပ်မျိုးကိုတောင် ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်စွပ်စွဲတာဟာ သူတို့သမိုင်းမကျေဘူးလို့ပဲယူဆပါတယ်။ တစ်ခုခုဆို ကွန်မြူနစ်လို့တံဆိပ်ကပ်တဲ့ နဝတ၊ နအဖ အစိုးရလက်ထက်အကျင့်တွေပါ"ကိုနန်းလင်း  (ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်)"အမျိုးသားပညာရေးဥပဒေဖြစ်ပေါ်လာတဲ့အစပိုင်းကတည်းက ပွင့်လင်းမယောင်နဲ့မပွင့်လင်းခဲ့လို့ အခုလိုမျိုးအကျိုးဆက်တွေဖြစ်ပေါ်လာတာပါ။ နောက်ပြီးတော့ ခေတ်စနစ်တွေပြောင်းသွားပြီဆိုတာကိုလည်း မေ့လျော့နေကြတယ်။ ဒါ့ကြောင့်မို့ အမျိုးသားပညာရေးဥပဒေက သန္ဓေစတည်ကတည်းက မူမမှန်ခဲ့လို့ အခုလိုမျိုးရှုပ်ထွေးမှုတွေဖြစ်ပေါ်လာရတာပါ။ ဒါ့ကြောင့်မို့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်ရဲ့ရပ်တည်ချက်ကို လက်ကမ်းကြိုရမှာပါ။ ပညာရေးဟာ အားလုံးနဲ့ဆိုင်တဲ့အတွက် ပွင့်လင်းမှုရှိရှိနဲ့ ခေတ်ပြောင်းစနစ်ပြောင်းမှာ Mindset တွေပြောင်းပြီးတော့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရှိတဲ့ပညာရေးစနစ်တစ်ခုဖြစ်လာနိုင်မှာပါ။ အခုလိုအခြေအနေတွေဖြစ်ပေါ်နေတာကလည်း ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဦးဆောင်တဲ့သူတွေအားလုံးပါဝင်တယ်ဆိုတာ ဟုတ်ရဲ့လားလို့ပဲ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်"      ပညာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ပညာရေးလေ့လာသုံးသပ်သူတစ်ဦး

Most Read

Most Recent