Shell Myanmar Energy က ကမ်းလွန်လုပ်ကွက် သုံးခုတွင် ရေနံနှင့် ဓာတ်ငွေ့ လေ့လာရေးနှင့် ရှာဖွေရေး လုပ်ငန်းအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲမည်

Shell Myanmar Energy က ကမ်းလွန်လုပ်ကွက် သုံးခုတွင် ရေနံနှင့် ဓာတ်ငွေ့ လေ့လာရေးနှင့် ရှာဖွေရေး လုပ်ငန်းအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲမည်
Published 23 February 2015
ဇော်ဝေ

Shell Myanmar Energy ကုမ္ပဏီအ နေဖြင့် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲသွားမည်ဖြစ်ပြီး Signature Bonus အဖြစ် ဒေါ်လာ ၆၁ သန်း ပေးအပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
Shell Myanmar Energy ကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ AD-9၊ AD-11 နှင့် တနင်္သာရီကမ်းလွန်ရှိ MD-5 လုပ်ကွက်များတွင် လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ထုတ် လုပ်မှုအပေါ် ခွဲဝေခံစာရေးစာချုပ်ကို စွမ်းအင်ဝန်ကြီးဌာနနှင့် ဖေဖော်ဝါရီ  ၅ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Shell ကုမ္ပဏီအနေဖြင့် လုပ်ကိုင်ခွင့်ရ ကမ်းလွန်လုပ်ကွက်သုံးခုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လေ့လာခြင်း လုပ်ငန်းအတွက် နှစ်နှစ်နှင့် ရှာဖွေရေးလုပ်ငန်း ခြောက်နှစ်ကြာမြင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“Signature bonus ဆိုတာ လက်မှတ်ထိုးလိုက်ရင်ပေးရတဲ့ ပိုက်ဆံဖြစ်ပါတယ်။ ဒါကလည်း Bid ကို တင်ကတည်းက ကျွန်တော်တို့ လက်မှတ်ထိုးလိုက်ရင် ဒီပိုက်ဆံကို ပေးပါမယ်လို့ ကြိုပြောရတာ။ Signature Bonus ဆိုတာ ကျွန်တော်တို့ Bid တွေကို ကြည့်တဲ့အခါမှာများလေ အစိုးရက ကြိုက်လေပဲ။ ဟိုတုန်းကတော့ ဒီ Signature Bonus ဆိုတာ ခြောက်သန်း၊ ခုနစ်သန်းဆိုတာ သိပ် ပေးတယ်လို့တောင် ပြောလို့ရတဲ့ အခြေအနေ။ ဒါပေမဲ့ အံဩစရာပဲ လက်မှတ်ထိုးသွားတယ်။ သုံးကွက်ထိုးတာကို Signature Bonus သန်း ၆ဝ တောင်ပေးသွားတယ်။ တကယ်ကို record ပါ။ Signature Bonus က အရေးကြီးပါတယ်။ သူတို့ Bid ကို ကြည့် တဲ့အခါမှာ ဒီဟာကိုကြည့်လေ့ရှိတယ်”ဟု မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက် မှုအနေဖြင့် ကုန်းပိုင်းလုပ်ကွက် ၁၈ ကွက်ကို ၂ဝ၁၁ ခုနှစ်တွင် ပထမအကြိမ်  အပြည်ပြည် ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာ လုပ်ကွက်ရှစ်ကွက် တွင် နိုင်ငံခြားကုမ္ပဏီခြောက်ခုအား ထုတ် လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆို၍ နိုင်ငံသားပိုင်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်ရေးအတွက် လုပ်ကိုင်ခွင့် ပေးထားကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန၏ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများတွင် ဖော်ပြထားသည်။
ထို့ပြင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက် တွင် ကုန်းပိုင်းလုပ်ကွက် ၁၈ ကွက်အား ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာ လုပ်ကွက် ၁၆ ကွက်၌ နိုင်ငံခြားကုမ္ပဏီ ၁ဝ ခုနှင့် ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံသားပိုင် ကုမ္ပဏီများအား ရွေးချယ်ထားပြီး လက်ရှိအချိန်တွင် ကုန်းပိုင်းလုပ်ကွက် ၁၄ ကွက်တွင် နိုင်ငံခြားကုမ္ပဏီ ကိုးခုနှင့် နိုင်ငံသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်/ရေနံ အထွက်တိုးရေးစာချုပ်များ ချုပ်ဆိုထားကြောင်း၊ ကျန်ရှိသည့် လုပ်ကွက်နှစ်ကွက်ကိုလည်း စာချုပ်များ ဆက်လက်ချုပ်ဆိုရန် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။   
 

Most Read

Most Recent