မြန်မာနိုင်ငံတွင် အခိုင်အမာတွက်ချက် စမ်းသပ်ထားမှုများအရ ဓာတ်ငွေ့သိုက်ပမာဏမှာ ကုဗပေ ၂၃ ထရီလျံရှိပြီး လက်ရှိနှုန်းအတိုင်း ထုတ်လုပ်မည် ဆိုပါက နောင် ၄၆ နှစ်အထိ ထုတ်ယူနိုင်မည်ဟု ဆို

မြန်မာနိုင်ငံတွင် အခိုင်အမာတွက်ချက် စမ်းသပ်ထားမှုများအရ ဓာတ်ငွေ့သိုက်ပမာဏမှာ ကုဗပေ ၂၃ ထရီလျံရှိပြီး လက်ရှိနှုန်းအတိုင်း ထုတ်လုပ်မည် ဆိုပါက နောင် ၄၆ နှစ်အထိ ထုတ်ယူနိုင်မည်ဟု ဆို
Published 22 February 2015
နီလာ၊ ဆန်းထူးအောင်

မြန်မာနိုင်ငံတွင် အခိုင်အမာတွက်ချက် စမ်းသပ်ထားမှုများအရ ဓာတ်ငွေ့သိုက် ပမာဏမှာ ကုဗပေ ၂၃ ထရီလျံထိ ရှိနိုင်ပြီး လက်ရှိကာလတွင် တစ်နှစ်လျှင် ကုဗပေ ၄၉၈ ဘီလျံအတိုင်းသာ ထုတ်လုပ်မည်ဆိုပါက နောင်လာမည့် ၄၆ နှစ်ကြာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ အခြေအနေ လေ့လာဆန်းစစ်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။မြန်မာနိုင်ငံရှိ ဓာတ်ငွေ့သိုက်ပမာဏ ကုဗပေ ၂၃ ထရီလျံမှာ ကမ်းလွန်တွင် ထရီလျံ ၂၀ နှင့် ကုန်းတွင်းသိုက်များမှ သုံးထရီလျံရှိမည်ဟု သိရသည်။သဘာဝဓာတ်ငွေ့သည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုကို အဓိက မောင်းနှင်သည့်အရာ ဖြစ်သည်။ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှုကို ၂၀၀၂ ခုနှစ်တွင် အပြည့်အ၀ စတင်အကောင်အထည် ဖော်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလျံရှိခဲ့ပြီး ယင်းမှာ ပို့ကုန်စုစုပေါင်း တန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းနှင့် ပြည်သူ့ကဏ္ဍ အသားတင်ဝင်ငွေ(ပြည်သူ့ကဏ္ဍ အသားတင်ရေနံနှင့် သဘာဝဓာတ်ငွေ့ ဘဏ္ဍာငွေဆိုသည်မှာ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်တို့မပါ ရေနံနှင့် ဓာတ်ငွေ့ SEE များမှ ကောက်ခံရရှိသည့် ဘဏ္ဍာငွေကို ဆိုလိုသည်။) အရတွက်သည့် ဂျီဒီပီ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းခန့် ရှိသည်။ ထိုကဏ္ဍသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အဓိက ဦးတည်သည့် နေရာဖြစ်ပြီး ဧရာမစီမံကိန်းကြီး အချို့မှာ ဆက်လက်အကောင်အထည် ဖော်နေဆဲဖြစ်သည်။လက်ရှိတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ တွင်းသစ်များကို စီမံကိန်းဖြစ်နိုင်ခြေ အကြိုလေ့လာဆန်းစစ်မှု ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ၂၀၁၈ လောက်တွင် စတင်ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း Parami Energy Group of Companies မှရရှိသော သတင်းများအရ သိရသည်။“မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ထောက်ပံ့နိုင်ဖို့ဆိုရင် အဓိကအားဖြင့် စဉ်းစားတာ သုံးခုရှိပါတယ်။ အဓိကက ကျောက်မီးသွေးရယ်၊ ရေအားလျှပ်စစ်ရယ်၊ သဘာဝဓာတ်ငွေ့ရယ်။ ကျောက်မီးသွေးနဲ့ လည်ပတ်မယ်ဆိုရင် နောက်ထပ် သုံးနှစ်လောက် ကြာဦးမယ်။ ရေအားလျှပ်စစ်ဆိုရင် အနည်းဆုံး ငါးနှစ်လောက် စောင့်ရမယ်။ သဘာဝဓာတ်ငွေ့ကတော့ ၂၀၁၈ လောက်မှ နောက်ထပ်တွေ့ရှိတဲ့ တွင်းသစ်တွေကနေ ရရှိမယ်လို့ သိရတယ်။ ဒီတွင်းတွေနဲ့ ပတ်သက်ပြီးတော့ စီမံကိန်းဖြစ်နိုင်ခြေ အကြိုလေ့လာ ဆန်းစစ်မှုတွေ လုပ်ပြီးသွားပါပြီ။ တူးဖို့ စမ်းကြည့်ထားတဲ့ တွင်းတွေက ၂၀၁၈ လောက်မှာ စထုတ်နိုင်မယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ဒါကြောင့် နောက်ထပ်လေးနှစ်လောက် ဆိုရင်တော့ အဲဒီတွင်းတွေက သဘာဝဓာတ်ငွေ့တွေ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု Parami Energy Group of Companies မှ Senior Project Manager ဦးတင်မောင်ထွန်းက ပြောပြခဲ့သည်။မက်ကင်ဆေး၏ ၂၀၁၃ အစီရင်ခံတွင်မူ မြန်မာနိုင်ငံတွင် တွေ့ရှိပြီးသော သဘာဝဓာတ်ငွေ့သိုက်များ၏ ပမာဏထက် ရှာဖွေခြင်း မပြုရသေးသည့် ဓာတ်ငွေ့သိုက်ပမာဏ ပိုများနိုင်ကြောင်း၊ တွေ့ရှိပြီးသား သဘာဝဓာတ်ငွေ့ ပမာဏကို တွက်ချက်ကြည့်ပါက ကမ္ဘာပေါ်တွင် အဆင့် ၄၆ တွင် ရှိသော်လည်း ရှာဖွေခြင်း မပြုရသေးသော ဓာတ်ငွေ့သိုက်ပမာဏ များစွာရှိနိုင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent