လက်ရှိလူ့အခွင့်အရေးဆိုင်ရာဖြစ်စဉ်များသည် အစိုးရကပေးခဲ့သည့် ကတိကဝတ်များနှင့် ဆီလျော်မှုမရှိသည်ကိုတွေ့ ရှိရဟု AAPP ထုတ်ပြန်

လက်ရှိလူ့အခွင့်အရေးဆိုင်ရာဖြစ်စဉ်များသည် အစိုးရကပေးခဲ့သည့် ကတိကဝတ်များနှင့် ဆီလျော်မှုမရှိသည်ကိုတွေ့ ရှိရဟု AAPP ထုတ်ပြန်
Published 18 February 2015
ဇာလီမြင့်ဦး

လက်ရှိလူ့အခွင့်အရေးဆိုင်ရာဖြစ်စဉ်များသည် အစိုးရကပေးခဲ့သည့် ကတိကဝတ်များနှင့် ဆီလျော်မှုမရှိသည်ကိုတွေ့ရှိရဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ၏ ဖေဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်သည့် ၂၀၁၅ ဇန်နဝါရီလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်၌ ထည့်သွင်းဖော်ပြထားသည်။    ၂၀၁၅ ဇန်နဝါရီလကုန်တွင် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၅၉ ဦး မြန်မာနိုင်ငံရှိအကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချမှုများသည်လည်း လျော့နည်းသွားခြင်းမရှိသည့်အပြင် ဆက်လက်တိုးပွားလာကြောင်းနှင့် လက်ရှိအခြေအနေအထိ လက်လှမ်းမီသမျှ ပြုစုထားမှုအရ နိုင်ငံတစ်ဝန်း၌ တောင်သူလယ်သမားများအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ ကျော်မှာ နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရကြောင်း ထည့်သွင်းဖော်ပြထားသည်။    ယခုနှစ် ၂၀၁၅ အစတွင် သမ္မတဦးသိန်းစိန်နှင့် အဓိကကျသည့် အစိုးရအာဏာပိုင်များမှ တိုင်းပြည်အတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားရန် ရည်ညွှန်းပြောဆိုကြပြီး ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား ဆက်လက်လွှတ်ပေးရန် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အစရှိသည့် လူ့အခွင့်အရေးကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်ရန်ပြောကြားမှုများရှိသော်လည်း လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ထိန်းသိမ်းခံနေရခြင်း၊ တက်ကြွလှုပ်ရှားသူ ၂၁၃ ဦးတို့ တရားရင်ဆိုင်နေရခြင်းနှင့် အစိုးရမှ အရေးကြီးလှသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူညီချက်အား လက်မှတ်ထိုးရန်ပျက်ကွက်ခြင်းတို့သည် ထိုပေးခဲ့သည့်ကတိကဝတ်များနှင့် ဆီလျော်မှုမရှိဘဲ ယုံကြည်စရာမရှိဖြစ်နေသည်ကိုလည်း တွေ့ရှိရကြောင်းဖော်ပြထားသည်။    ထို့ပြင် ယခုနှစ် ဇန်နဝါရီလအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖမ်းဆီးခံခဲ့ရပြီး ၁၇ ဦးတရားစွဲဆိုခံရကာ တက်ကြွလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။    အစီရင်ခံစာတွင် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် ဆန္ဒပြမှုအတွင်း ပါဝင်ဆန္ဒပြခဲ့သူ ဒေါ်ခင်ဝင်းသေဆုံးရခြင်းသည် ရဲများ၏မှားယွင်းမှုဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တွေ့ရှိချက်များ၊ ဇန်နဝါရီ ၁၉ ရက်ကအဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင်ဆရာမနှစ်ဦး၏ဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများဖြစ်နေသည်ကို မီးမောင်းထိုးပြနေကြောင်း AAPP ကထည့်သွင်းထုတ်ပြန်ခဲ့သည်။    ယခုထုတ်ပြန်သည့်အစီရင်ခံစာအား သတင်းမီဒီယာများနှင့် AAPP မြန်မာနိုင်ငံအတွင်းမှလက်ခံရရှိသော နိုင်ငံရေးအကျဉ်းသားအရေး၊ မြန်မာနိုင်ငံရှိ နိုင်ငံသားအခွင့်အရေးများနှင့် လွတ်လပ်မှုတို့နှင့်စပ်လျဉ်းသည့် တိုးတက်ဖြစ်ထွန်းမှုများအပေါ် ဆန်းစစ်လေ့လာထားခြင်းဖြစ်ကြောင်း သိရသည်။    AAPP အနေဖြင့် လူ့အခွင့်အရေးနှင့် နိုင်ငံရေးအကျဉ်းသားများရေးရာတို့အပေါ် သုံးသပ်အစီရင်ခံစာများအား လစဉ်ထုတ်ပြန်လျက်ရှိပြီး နိုင်ငံတစ်ဝန်းအကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးကြောင်းလည်း ထည့်သွင်းဖော်ပြလျက်ရှိသည်။    သို့သော် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများကျန်ရှိခြင်းမရှိဟု အစိုးရကထုတ်ပြန်ထားပြီး ယခင်လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကိုလည်း နိုင်ငံရေးအကျဉ်းသားများ၏ အရေးကိစ္စများနှင့်ပတ်သက်၍ လျင်လျင်မြန်မြန်အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ၂၀၁၅ ဇန်နဝါရီ၌ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်းထားသည်။ယခင်လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ကော်မတီဝင်အဖြစ်ပါဝင်ခဲ့သူ AAPP အနေဖြင့် ကော်မတီအသစ်တွင်မူ ပြန်လည်ပါဝင်ခြင်းမရှိပေ။

Most Read

Most Recent