မဲပေးနည်းများနှင့် မဲစာရင်းကြေညာချိန်တို့တွင် ပြည်သူများသိရှိစေရန် ပညာပေးလုပ်ငန်းများအား နိုင်ငံရေးပါတီများဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောကြား

မဲပေးနည်းများနှင့် မဲစာရင်းကြေညာချိန်တို့တွင် ပြည်သူများသိရှိစေရန် ပညာပေးလုပ်ငန်းများအား နိုင်ငံရေးပါတီများဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောကြား
Published 18 February 2015
ကျော်ဇင်ဝင်း

မဲပေးပုံ၊ မဲပေးနည်းများနှင့် မဲစာရင်းကြေညာချိန်တို့တွင် ပြည်သူများသိရှိစေရန် ပညာပေးလုပ်ငန်းများအား နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်နှင့်ပူးပေါင်း၍ ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားသည်။    ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအပြီးတွင် မီဒီယာများ၏မေးမြန်းမှုအား ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။    အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲပညာပေးရေးလုပ်ငန်းတွင် ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသည့်အတွက် မိမိအနေဖြင့်ကြိုဆိုကြောင်း၊ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရွေးကောက်ပွဲဥပဒေ၊ ကော်မရှင်မှထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများ၊ လက်စွဲစာစောင်များကို နားလည်အောင်ပြုလုပ်ထားရန်လိုပြီး ဥပဒေနှင့်အညီပညာပေးပါက ပိုမိုပြည့်စုံနိုင်ကြောင်း နိုင်ငံရေးပါတီများအား အသိပေးပြောကြားသည်။    ထို့ပြင် ရွေးကောက်ပွဲကြီးအောင်မြင်ရန်အတွက် ကော်မရှင်တစ်ခုတည်း၌တာဝန်မရှိဘဲ ပါတီများ၊ CSO များ၊ မီဒီယာများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ၎င်းကပြောကြားသည်။ "အဲဒီတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ။ မဲစာရင်းကောက်တယ်။ မဲစာရင်းကောက်တာ တကယ့်တကယ်ဆိုရင် သူတို့ရဲ့မဲဆန္ဒရှင် သူတို့ကိုမဲပေးမယ့်ပုဂ္ဂိုလ်မဲစာရင်းပါဖို့အရေးကြီးပါတယ်။ မဲစာရင်းထဲပါမှသာလျှင်သူက သူကို့မဲပေးနိုင်မှာ။ အဲဒီတော့ ကျွန်တော်တို့ကဘာလုပ်ထားလဲဆိုတော့ မဲစာရင်းကကြေညာပြီးကပ်ပါတယ်။ ကပ်ရင်သွားကြည့်ရမယ်။ သွားကြည့်လို့မပါလို့ရှိရင် ဖြည့်ခိုင်းရမယ်။ ပုံစံ(၃)ဆိုတာရှိတယ်။ မပါသင့်ဘဲပါလို့ရှိရင် ပုံစံ (၄)နဲ့ပယ်ဖျက်ခိုင်းရမယ်။ ဒီလိုနေရာမှာ ပူးပေါင်းဆောင်ရွက်တာပါ။ ထို့အတူပဲ မဲပေးမယ်ဆိုရင် မှတ်ပုံတင်ပါရမယ် အစရှိသဖြင့် မဲစာရင်း အမှန်၊ အမှားခြစ်တာကအစ ဒီလိုနေရာမျိုးတွေမှာပညာပေးပါ။ ပူးပေါင်းဆောင်ရွက်ပါလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်" ဟု ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားသည်။    လက်ရှိတွင် တစ်နိုင်ငံလုံးအခြေခံမဲစာရင်းပြုစုခြင်းကို ပထမအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိလည်းကောင်း လျာထားဆောင်ရွက်လျက်ရှိသည်။    အဆိုပါတစ်နိုင်ငံလုံးအခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်းစဉ် ပထမဦးဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးဆုံးပြီဖြစ်သော်လည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ ကျန်ရှိသည့်မြို့နယ်များ ဆက်လက်ပြုစုနေပြီး ရန်ကုန်၊ မန္တလေးစသည်ဖြင့် မြို့များခွဲခြား၍ လာမည့်မတ်လအတွင်း ပြီးစီးသွားသည့်မဲစာရင်းအားကြေညာရန် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စီစဉ်လျက်ရှိသည်။    ထိုသို့မဲစာရင်းကြေညာချိန်တွင် ပြည်သူများအနေဖြင့် အမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေပြီး နိုင်ငံရေးပါတီများလည်း ပါဝင်ဆောင်ရွက်နိုင်ကြောင်းကိုဆိုလိုခြင်းဖြစ်သည်။    မဲဆန္ဒရှင်စာရင်းပြုစုခြင်းမှာ တစ်အိမ်တက်ဆင်းကောက်ခံမည့်ပုံစံမဟုတ်ဘဲ လက်ရှိတွင်ရှိသည့်အိမ်ထောင်စုစာရင်းများအား မဲဆန္ဒရှင်စာရင်းအဖြစ် ကွန်ပျူတာစာရင်းရေးသွင်းခြင်းဖြစ်ပြီး ပြီးဆုံးသွားသည့်မြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းကို ပြည်သူများသိရှိနိုင်ရန်  ရက်အကန့်အသတ်တစ်ခုသတ်မှတ်၍ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ကြေညာခြင်းမျိုးဆောင်ရွက်မည်ဖြစ်ကာ ပြင်ဆင်ဖြည့်စွက်မှုများဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကာလတွင် နောက်ဆုံးအတည်ပြုထားသည့်မဲစာရင်းအား ထုတ်ပြန်မည်ဖြစ်သည်။    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းပြုစုပြီးပါက အဆိုပါမဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှိ ကွန်ပျူတာအချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။