အစိုးရနှင့် အဖွဲ့အစည်းများက သိမ်းဆည်းမြေဧက ၃၁၀၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ပြန်မရသည်မှာ အများအပြား ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အစိုးရနှင့် အဖွဲ့အစည်းများက သိမ်းဆည်းမြေဧက ၃၁၀၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ပြန်မရသည်မှာ အများအပြား ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 17 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

အစိုးရနှင့် အဖွဲ့အစည်းများမှ သိမ်းဆည်းလယ်ယာမြေနှင့် အခြားမြေဧက ၃၁၀၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု ဆိုသော်လည်း ပြန်မရသည်မှာ အများအပြား ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ တင်ပြချက်အပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် ဦးတင်ထွတ်က ယခုကဲ့သို့ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။ဦးတင်ထွတ်က “လိုက်မှတ်လို့ မီတာကတော့ ပြန်စွန့်တာဟာ ၃၂၀၀၀၀ ကျော်လို့ မှတ်လိုက်မိပါတယ်။ လွှဲပြောင်းပြီးတာ ၃၁၀၀၀၀ ကျော်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်တို့ မြေပြင်မှာ ပြန်မရတာတွေ အများကြီး ရှိပါတယ်” ဟု လွှတ်တော်၌ ပြောကြားသည်။ဆက်လက်၍ ဦးတင်ထွတ်က “ပြန်လည်စွန့်လွှတ်သင့်ရက်နဲ့ မစွန့်လွှတ်တာတွေလည်း ကျွန်တော်တို့ တွေ့ပါတယ်။ ပြန်ပြီး စွန့်လွှတ်ပေးတဲ့ အထဲမှာ အောက်ခြေကနေပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ထစ်နေတာတွေလည်းပဲ ကျွန်တော်တို့ဆီကို စာတွေထပ်ပြီး ရောက်ပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့ ဗဟိုကော်မတီ အနေနဲ့ စိစစ်ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။
ပြန်လည်စွန့်လွှတ်သင့်ရက်နဲ့ မစွန့်လွှတ်တာတွေလည်း ကျွန်တော်တို့ တွေ့ပါတယ်။ ပြန်ပြီး စွန့်လွှတ်ပေးတဲ့ အထဲမှာ အောက်ခြေကနေပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ထစ်နေတာတွေလည်းပဲ ကျွန်တော်တို့ဆီကို စာတွေထပ်ပြီး ရောက်ပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့ ဗဟိုကော်မတီ အနေနဲ့ စိစစ်ပေးစေချင်ပါတယ် . . . . .

“ကျွန်တော်တို့ မင်္ဂလာဒုံမှာဆိုရင် ပြန်လည်ပြီးတော့ အခုအချိန်ထိ ကျွန်တော်တို့ စွန့်လွှတ်သင့်တဲ့ဟာ ဥပမာ တပ်ပိုင်းဆိုင်ရာ ဆိုလို့ရှိရင် မိမိတပ်ဝင်းနဲ့ တစ်ဆက်တည်း ရှိတဲ့ဟာ ဆိုရင်လည်း ဒီမြေတွေ ပြန်စွန့်လွှတ်ပေးပါ။ စွန့်လွှတ်တာလည်း စွန့်လွှတ်ပါတယ်။ မစွန့်လွှတ်တာလည်း မစွန့်လွှတ်ပါဘူး။ အလားတူပဲ ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီတွေက သူတို့လည်း မလုပ်နိုင်ဘူး။ ပြီးတော့မှ ကျွန်တော်တို့ တောင်သူတွေကို အခစားနဲ့ လုပ်တဲ့ကိစ္စတွေ မလုပ်သင့်ပါဘူး။ မလုပ်နိုင်ရင် အဲဒီလူတွေကိုပဲ ပြန်ပြီးပေးပေးပါ ဆိုပြီးတော့ ကျွန်တော်တို့ ပြောပါတယ်။ အခု ကချင်ပြည်နယ်မှာဆိုရင် သူတို့ တစ်ခုရှိပါတယ်။ သီရိဘက်စုံ စိုက်ပျိုးရေးဆိုတာ ဧက ၃၀၀၀ သိမ်းပါတယ်။ တောင်သူလယ်သမားတွေဟာ ၄၅၀ ပဲပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာထဲမှာ ထည့်ရေးပါတယ်။ ဒါသည် ဒီလုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီသည် ဧက ၃၀၀၀ ရယူထားပြီးတော့မှ ဧက ၄၅၀ ပြန်ထုတ်တာသည် ဒီကုမ္ပဏီမှာ စီးပွားရေး ထိခိုက်သွားလောက်အောင် အကျိုးမယုတ်ပါဘူး။ ဒါကြောင့် ဒါလေးတွေတော့ ပြန်လည်စွန့်လွှတ်သင့်ပါတယ်” ဟု ဆွေးနွေးသည်။“ဂရိတ်ဝေါ ဧကသိန်းနဲ့ချီပြီး သိမ်းပါတယ်။ ဧက တစ်သိန်းခွဲလောက် ဒီ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဧရိယာအထိ ဧရိယာကြီး တစ်ခုလုံးကို သိန်းပေါင်းများစွာနဲ့ လုပ်ထားပြီးတော့ ဟိုနားကွက်ကျား၊ ဒီနားကွက်ကျား လုပ်နေတဲ့ ကြံခင်းလေးတွေ ဒါလေးတွေကိုတော့ ပြန်ပေးသင့်ပါတယ်လို့ ကျွန်တော်တို့ အဆိုပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့အထိ ကျွန်တော်တို့ ပြန်ရတယ်လို့ မကြားပါဘူး” ဟု ဦးတင်ထွတ်က ဆိုသည်။အလားတူ အခြားလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များသည်လည်း အစိုးရ၏ ဗဟိုမြေယာ စီမံခန့်ခွဲရေး ကော်မတီ၏ ဖြေရှင်းပေးမှုများသည် အားနည်းနေကြောင်း ဝေဖန်သည်။ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အစိုးရက ဖွဲ့စည်းထားသည့် ဗဟိုမြေယာ စီမံခန့်ခွဲရေး ကော်မတီနှင့် လွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေကော်မရှင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရအဖွဲ့သို့ အကြောင်းကြား ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

Most Read

Most Recent