အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ အမြန်တင်သွင်းနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ဆွေးနွေး

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ အမြန်တင်သွင်းနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ဆွေးနွေး
Published 17 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ အမြန်တင်သွင်းနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်၌ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။အဆိုပါ အစည်းအဝေးတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်များ၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ကျောင်းသားများ တောင်းဆိုသည့် အချက်များအား ဖေဖော်ဝါရီ ၁၄ ရက်တွင် အစိုးရ တာဝန်ရှိသူများနှင့် ကျောင်းသားကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ကျောင်းသားများ တောင်းဆိုသည့် အချက်များအား ပြင်ဆင်ပေးရန် သဘောတူခဲ့ကြောင်း သိရသည်။အဆိုပါ ဥပဒေကြမ်းအား တင်သွင်းနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် လွှတ်တော်ဝင်းအတွင်း ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၁၈ ရက် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းဖွယ်ရှိကြောင်း သတင်းရရှိသည်။အဆိုပါ ဥပဒေကြမ်း တင်သွင်းလာပါက လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ထောက်ခံဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ပြင်ဆင်တင်သွင်းမည့် အမျိုးသားပညာရေး ဥပဒေကြမ်းအား လွှတ်တော်တွင် အမြန်ဆုံး အတည်ပြုနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။ကျောင်းသားများ၏ တောင်းဆိုချက်များအား တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ပြီးမှ ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent