ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၁၀၃ ဦး) အစည်းအဝေး မတက်ခြင်းအပေါ် သူရဦးရွှေမန်း သတိပေး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၁၀၃ ဦး) အစည်းအဝေး မတက်ခြင်းအပေါ် သူရဦးရွှေမန်း သတိပေး
Published 17 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၁ဝ၃ ဦး) အစည်းအဝေး မတက်ရောက်ခြင်းအတွက် ကိုယ်စားလှယ်များအနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများ အလေးမထားရန် ပြည်သူ့လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း (၁ဝ၃ ဦး) ခွင့်တိုင်ကြားခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ပြည်သူ့လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်းက “လွှတ်တော်ကိုယ်စားလှယ် ခွင့်တိုင်ကြားသူ ၁ဝ၃ ဦးဖြစ်တဲ့အတွက် လွှတ်တော် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေဖြစ်တဲ့ ၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ (၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဟာ ကျွန်တော်တို့ နိုင်ငံနှင့် နိုင်ငံသားများအတွက် အင်မတန်မှ အရေးကြီးတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိတို့ မလွှဲမရှောင်သာတဲ့ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ကျန်းမာရေးကိစ္စများ ရှိကောင်းရှိနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ပါတီတာဝန်ကိစ္စများလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ရာတွင် မိမိတို့သည် ပြည်သူ့ကိုယ်စား ပြည်သူ့ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘယ်ဟာကို အလေးထား ဆောင်ရွက်ရမယ်ဆိုတာ သုံးသပ်ဆောင်ရွက်ရမယ့် အချိန် ကျရောက်လာပါပြီ”ဟု ပြောကြားသည်။ဆက်လက်၍ “အခုဒီလို တင်ပြတဲ့အခါမှာ အစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ်များကိုသာ တင်ပြနိုင်ပြီးတော့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်များကိုတော့ သက်ဆိုင်ရာပါတီများ တာဝန်ရှိသူများက လိုအပ်သလို ပြောဆိုဆောင်ရွက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီနေ့ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် ဆောင်ရွက်တယ်။ ဒီလို ဥပဒေတွေ ပြဠာန်းတယ်။ အဆိုတွေ တင်ပြလာတဲ့ အခါမှာလည်း မှန်ကန်တဲ့ ရပ်တည်ဆောင်ရွက်လာမယ့်အခါမှာလည်း မှန်ကန်တဲ့ဘက်က ရပ်တည်မယ်ဆိုရင် လွှတ်တော်အစည်းအဝေး တက်ရောက်ခြင်းဟာ မိမိတို့ ရည်မှန်းချက်များ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ လွှတ်တော်ထဲက ဖွဲ့စည်းပေးထားတဲ့ ကော်မတီကော်မရှင်များမှာလည်း ပါဝင်ကြရမယ့်  လွှတ်တော်ကိုယ်စားလှယ်များဟာလည်း မိမိတို့ တစ်ဦးချင်းရဲ့ ဆောင်ရွက်ရမယ့်ကိစ္စများထက် ကော်မတီကိစ္စများကို ဆောင်ရွက်ရမယ့်အချိန်လို့ အလေးပေး တင်ပြလိုပါတယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။လက်ရှိ လွှတ်တော်ကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စများအပြင် ဥပဒေများစွာကို ဆွေးနွေးအတည်ပြုရန် ရှိနေသည်။