ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဖေဖော်ဝါရီ ၁၆ ရက်တွင် အကြောင်းပြန်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုပြင်ဆင်သည့်ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (က) ပါ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်ဟူသည့် ပြဋ္ဌာန်းချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ ပြည်ထောင်စုလွှတ်တော်မှ ခုံရုံးသို့ သဘောထားတောင်းခံခြင်းအပေါ် ယခုကဲ့သို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။ခုံရုံး၏ပြန်ကြားစာတွင် ပုဒ်မ ၃၉၁ ပြဋ္ဌာန်းချက် လွှတ်တော်အဆင့်ဆင့်ကိုရွေးကောက်ရာတွင် နိုင်ငံသားများသာမက ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူကိုပါ ဆန္ဒမဲပေးရန် ခွင့်ပြုထားသည့်အတွက် ပုဒ်မ ၃၉၁ ပြဋ္ဌာန်းချက်တွင်ပါရှိသော "ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူ" ဆိုသည့်စကားရပ်ကို အဓိပ္ပာယ်ကောက်ယူရန်လိုအပ်လာကြောင်း ဖော်ပြထားသည်။ထို့အပြင် နိုင်ငံတော်အခြေခံမူများ အခန်း (၁) ပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌တည်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၈ ပုဒ်မခွဲ(က) တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်အချုပ်အခြာအာဏာ၏အရင်းအမြစ်မှာ နိုင်ငံသားများသာဖြစ်ပြီး နိုင်ငံသားမျာသာလျှင် ရွေးကောက်တင်မြှောက်သူ၊ ရွေးကောက်တင်မြှောက်ခံသူများဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပုဒ်မ ၃၉၁ တွင်ပါရှိသော "ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူ" ဆိုရာတွင် နိုင်ငံသားအရည်အချင်းရှိသူများကိုရည်ရွယ်သည်မှာ မြင်သာကြောင်း ဖော်ပြထားသည်။ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ အကြောင်းတစ်ရပ်ရပ်အရ အချိန်ကာလတစ်ခုအတွက် ယာယီထုတ်ပေးခြင်းသာဖြစ်သဖြင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများမှာ စိစစ်မှုခံယူရဦးမည့်သူများဖြစ်ကြောင်း၊ ထို့အတွက် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများအား နိုင်ငံတော်၏အချုပ်အခြာအာဏာကိုဖော်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအရေးအရာများတွင် ပါဝင်ခွင့်ပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၃၈ ပုဒ်မခွဲ(က)၊ ပုဒ်မ ၃၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏အကြောင်းပြန်စာတွင် ဖော်ပြထားသည်။ရည်ညွှန်းစာပါအချက်များကို စိစစ်ချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်ကို ပြင်ဆင်သည့်ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေတွင် ပုဒ်မ ၁၁ ပုဒ်မခွဲ (က) ၌ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် ပြဋ္ဌာန်းထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု သဘောရရှိပါကြောင်း ခုံရုံးဥက္ကဋ္ဌဦးမြသိန်းက လွှတ်တော်သို့အကြောင်းပြန်ကြားသည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကျွန်တော်တို့ကတော့ကြိုဆိုတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေထက်စာရင် လွှတ်တော်ဥက္ကဋ္ဌတစ်ပါးပါးကမေးလိုက်ရင် မြန်တာပေါ့။ မနက်မေးရင်ညရတာပဲလေ။ အခုကတော့ လွှတ်တော်နာယကကြီးက သူထမ်းဆောင်ရမယ့်တာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင်ပေးတာပေါ့ဗျာ။ အဲဒီအတွက် ကျွန်တော်တို့ဝမ်းမြောက်ပါတယ်။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး ခုံရုံးကိုတင်ထားတာရှိပါတယ်။ အဲဒါက ပုဒ်မ ၃၉၁ (က) ကိုအဓိပ္ပာယ်ဖွင့်ခိုင်းတာပေါ့။ အဲဒီမှာဘာပါလည်းဆိုရင် ရွေးကောက်ပွဲဥပဒေသုံးခုနဲ့ပတ်သက်တဲ့ဟာ။ အခုက မဲပေးပိုင်ခွင့်မရှိဘူးဆိုတော့ ပါသွားပြီပေါ့။ အမှန်ကတော့ ရွေးကောက်ပွဲဥပဒေလေးခုရှိတာပေါ့။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကတော့ရှင်းပြီပေါ့။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်သုံးခုကျန်တာပေါ့။ အဲဒီသုံးခုမှာ မဲပေးပိုင်ခွင့် ရှိ မရှိနဲ့ပတ်သက်လို့ ရှင်းသွားပြီပေါ့။ ဥပဒေအရပြင်ဖို့ ကျွန်တော်တို့ပါတီဘက်ကလည်း တင်ထားပြီးပြီ။ ရွေးကောက်ပွဲဥပဒေသုံးခုကိုပြင်ဆင်ဖို့ ပြင်ဆင်ချက်နဲ့အတူတင်ထားပြီးပြီ။ ဖွဲ့စည်းပုံနဲ့ညီအောင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ဘက်က ဆောင်ရွက်နိုင်တာမို့ ပြည်ထောင်စုလွှတ်တော်ရဲ့တာဝန်ကျေသွားတာပေါ့" ဟုပြောကြားသည်။
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အကြောင်းပြန်